ရုံးတက်ရုံးဆင်းချိန်များတွင် YBS ယာဉ်စီးရေနှင့် ခရီးသည် မမျှတသည့် အခြေအနေကြုံနေရ

ရန်ကုန်မြို့တွင်း ရုံးတက်ရုံးဆင်းချိန်များ၌ YBS ယာဉ်လိုင်းများတွင် စီးနင်းသူနှင့် ယာဉ်အစီးအရေအတွက် မမျှတမှုများဖြစ်နေကြောင်း YBS စီးနင်းနေသူများထံမှ သိရသည်။
"ကျန်တဲ့အချိန်ထက် ရုံးတက်ရုံးဆင်းချိန်ကို ကားအစီးရေ များများ လွှတ်ပေးစေချင်တာ တကယ်ပါ၊ အခုက လာသမျှကားက နည်း၊ ကားပေါ်မှာလည်း အပြည့်၊ ပင်ပန်းရတယ်" ဟု နေ့စဉ် ရုံးတက်နေရသည့် ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
လက်ရှိ၌ ရန်ကုန်မြို့တွင် အမြို့မြို့အနယ်နယ်မှ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့လာသူများပြားလျက်ရှိကာ အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများလည်း ပိုမိုလိုအပ်လာလျက်ရှိနေခြင်း ဖြစ်သည်။
"ရန်ကုန်မှာ လူ တစ်သန်းခွဲလောက်က ဒီ YBS ကို သုံးကြရတာ ၊ ဆွဲပေးတဲ့ကားက နည်းနေတယ်၊ အဲဒီတော့ မမျှဘူးပေါ့ဗျာ၊ လူတွေပြည့်တော့ ခါးပိုက်နှိုက်ရန်လည်း ကြောက်နေရတယ်"ဟု လူငယ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
လက်ရှိ၌ ရန်ကုန်မြို့တွင် YBS ယာဉ်လိုင်း (၁၃၁) လိုင်းမှ ယာဉ်စီးရေ (၃၄၈၇)စီးဖြင့် ခရီးသည် (၁၄၁၃၃၆၉)ဦးကို ပို့ဆောင်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီက အောက်တို ဘာ (၂၇) ရက်တွင် ဖော်ပြထားသေးသည်။
ထို့ပြင် အချို့သောလိုင်းများသည် ညနေပိုင်းများတွင် လိုင်းမပြေးဆွဲဘဲ စက်ရုံဖယ်ရီများ ပြေးဆွဲခြင်း၊ ခရီးစဉ် အစအ ဆုံးမပြေးဆွဲခြင်းစသည့် ပြဿနာများကိုလည်း စီးနင်းသူ များက ကြုံနေကြရသည်။

image