မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်း အဆင်မြှင့်တင်ခြင်းကို ကျပ်သန်း (၇၇၀၀) ကျော် အသုံးပြုဆောင်ရွက်နေ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းအား ကျပ်သန်းပေါင်း (၇၇၀၀) ကျော် အသုံးပြု၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းအား ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၇၇၀၀) ကျော် အသုံးပြု၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းအတွင်းက မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ စကုမြို့တွင်းလမ်း အရှည် ၄ ဒသမ ၅ ဖာလုံ၊ အကျယ် (၂၄) ပေအား ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်း၊ ကွန်ကရစ်လမ်းပုခုံးခင်းခြင်း၊ လမ်းဘေးဝဲ/ယာ ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေ (၁၄၁၆) ဒသမ (၂၀) ကျပ်သန်းဖြင့် နိုဝင်ဘာ ၃၀ ရက်က ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ယခုဖွင့်လှစ်ပေးခဲ့သော (စကုမြို့တွင်း) ကတ္တရာလမ်း အပါအဝင် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းတွင် ကတ္တရာထပ်ပိုးလွှာနှင့် ကတ္တရာရေပိတ်လွှာခင်းခြင်း၊ ကွန်ကရစ်လမ်းပုခုံးခင်းခြင်း (၁၂ မိုင် ၆ ဖာလုံ၊ ၄၄၅ ပေ) အပါအဝင် ကျောက်စီရေမြောင်းနှင့် ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်း(၇၂၈၅ ပေ)၊ Box Culvert အသစ်တည်ဆောက်ခြင်းနှင့် Box ချဲ့ခြင်း (၁၃ စင်း)၊ အရှည်ပေ (၄၀) ရှိ သံကူကွန်ကရစ် တံတားအသစ်(၁)စင်း တည်ဆောက်ခြင်း၊ ချဉ်းကပ်လမ်း တည်ဆောက်ခြင်း (၆၅၀ ပေ)နှင့် လမ်းညွှန်း၊ လမ်းအမှတ်အသားများ စိုက်ထူခြင်း စသည့် လုပ်ငန်းများကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၇၇၈၄) ဒသမ (၉၈၁) ကျပ်သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တာ၀န်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

image