9 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦးအင်္ဂါရပ်များနှင့်အညီ ဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)ရုံးအဆောက်အဦးသစ်ကို နိုင်ငံတော်ယာယီသမ္မတ တက်ရောက်ဖွင့်လှစ်ပေး

နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦးအင်္ဂါရပ်များနှင့်အညီ ဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)၏ ရုံးအဆောက်အဦးသစ်ကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ စက်ခလုတ်နှိပ်ပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က ဖဲကြိုးဖြတ် ၍ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အဆောက်အဦးသစ်အတွင်းကြည့်ရှုပြီးနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အဆောက်အဦးသစ်နှင့် သက်ဆိုင်သည့် လွှဲပြောင်းမှတ်တမ်းစာအုပ်ကို ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်ယာယီသမ္မတထံသို့ ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အ ဆောက်အဦးသစ်ဖွင့်ပွဲအထိမ်းအမှတ်အမှတ်တရလက်ဆောင်ကိုဂါရဝပြုပေးအပ်ပြီးနောက် နိုင်ငံတော်ယာယီသမ္မတမှ တက်ရောက်လာကြသူများအားနှုတ်ဆက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အဆောက်အဦးသစ်တည်ဆောက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်မှ ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြောင်းလဲလာသည့် ခေတ်စနစ်များနှင့်အညီ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် ငွေရေးကြေးရေးကဏ္ဍကို ဗဟိုဘဏ်အနေဖြင့်ပိုမိုထိရောက်စွာ ကြီးကြပ်ထိန်းကျောင်းနိုင်ရေး၊ ဒေသအသီးသီး၏ ဖွံ့ဖြိုးမှုတွင်ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးမှုကိုပါ တစ်ပါတည်း ဖော်ဆောင်နိုင်ရေးနှင့် နယ်စပ်ဒေသအပါအဝင် ဒေသအသီးသီးတွင် Financial Inclusion ကိုပိုမိုဖော်ဆောင်ရန်နှင့် ကြီးကြပ်ထိန်းကျောင်းမှုကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့တွင် ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)ရုံးအဆောက်အဦးသစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး အဆောက်အဦးသစ်အား နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦးအင်္ဂါရပ်များနှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

image