ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှား-အမေရိကန်ဆွေးနွေးပွဲ သဘောတူညီချက်မရ

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ညှိနှိုင်းရေးမှူးများအကြား ငါးနာရီကြာဆွေးနွေးမှုအတွင်း သဘောတူညီချက် ရရှိခဲ့ခြင်းမရှိကြောင်း တာဝန်ရှိသူများကဒီဇင်ဘာ ၂ ရက်တွင် ပြောသည်။
မော်စကိုအစည်းအဝေးသည် အပြုသဘောဆောင်သော်လည်း ငြိမ်းချမ်းရေးအစီအစဉ်၏ အစိတ်အပိုင်းအချို့ကို ရုရှားက လက်မခံနိုင်ကြောင်း ရုရှားသမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အဓိကအားဖြင့် နယ်မြေပိုင်ဆိုင်မှုပြဿနာများဟု ဆိုသည်။
ထရန့်၏ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်နှင့် သမက် ဂျရက်ကူရှ်နာတို့သည် စစ်ပွဲကိုအဆုံးသတ်ရန် ရည်ရွယ်သည့် သံတမန်ရေးဆွေးနွေးပွဲများအပြီးတွင် သမ္မတပူတင်နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး လက်ရှိဆွေးနွေးပွဲနှင့်ပတ်သက်၍ အမေရိကန်ဘက်က မှတ်ချက်မပေးသေးပေ။
အမေရိကန် ထောက်ခံသည့် ငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းအပေါ်ယူကရိန်းနှင့် ဥရောပမှ အဆိုပြုထားသော ပြောင်းလဲမှုများကို လက်မခံနိုင်ကြောင်းပူတင်က နိုဝင်ဘာ ၂ ရက်အစောပိုင်းတွင် ပြောကြားခဲ့ပြီး ဥရောပကို တိုက်ခိုက်လိုခြင်းမရှိသော်လည်း ဥရောပအနေဖြင့် စစ်ပွဲထဲသို့ ဝင်ရောက်ပြီး စစ်ပွဲတစ်ခုစတင်လိုပါက ရုရှားအနေဖြင့် အသင့်ဖြစ်နေကြောင်း ၎င်းက ထုတ်ဖော်ပြောကြားသည်။
နိုဝင်ဘာလအတွင်း ပေါက်ကြားလာခဲ့သည့် အမေရိကန်အဆိုပြုသောငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းတွင် ရုရှားအတွက် အလေးသာသည့် အချက်များကို ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့ခဲ့ရသော်လည်း အဆိုပါ မူကြမ်းသည် မကြာသေးမီရက်သတ္တပတ်များအတွင်း အပြောင်းအလဲများစွာ ရှိခဲ့သည်။

image