နယူးကာဆယ်ကို ပယ်နယ်တီပေးခဲ့တာ လုံးဝမှားယွင်းတယ်လို့ သောမတ်စ်ဖရန့်ခ် ဝေဖန်ပြစ်တင်

စပါးအသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်ခ်က မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ နယူးကာဆယ် ၂-၂ စပါးပွဲမှာ နယူးကာဆယ်အသင်းကို ပယ်နယ်တီပေးခဲ့တာ လုံးဝမှားယွင်းတယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
အဲဒီပွဲမှာ နယူးကာဆယ်အသင်းက ဦးဆောင်ဂိုးနှစ်ကြိမ် သွင်းယူနိုင်ခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို ပယ်နယ်တီကနေ ဂေါ်ဒွန်က သွင်းယူခဲ့တာပါ။
ပယ်နယ်တီဖြစ်စဉ်ကတော့ နယူးကာဆယ်အသင်း ထောင့်ကန်ဘောကန်ခွင့်ရချိန် စပါးအသင်းရဲ့ ဂိုးဧရိယာအတွင်း စပါးကစားသမား ဘန်တန်ကာနဲ့ နယူးကာဆယ်နောက်ခံလူ ဒန်ဘန်းတို့ တွန်းထိုးလဲကျခဲ့တာကို VAR ဆုံးဖြတ်ချက်နဲ့ ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ရုပ်သံမြင်ကွင်းတွေအရ ဘန်တန်ကာရဲ့ခေါင်းက ဒန်ဘန်းရဲ့ချိုင်းကြားထဲ ရောက်နေခဲ့တာကြောင့် ဒီဖြစ်ရပ်ကို ပယ်နယ်တီလို့ သတ်မှတ်ခဲ့ခြင်းအတွက် ဝေဖန်ပြစ်တင်သူတွေလည်း အများကြီးရှိခဲ့ပါတယ်။
''ဒါဟာ VAR ရဲ့ အကြွင်းမဲ့မှားယွင်းမှုတစ်ခုပါပဲ။ ဒါဟာ ပယ်နယ်တီလုံးဝမဟုတ်ပါဘူး။ နယူးကာဆယ်အသင်းက လူတချို့တောင် ပယ်နယ်တီလို့ မထင်ကြောင်း ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ တစ်သမတ်တည်းဖြစ်ဖို့ လိုအပ်ပါတယ်'' လို့ သောမတ်စ်ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။

image