ကြံ့ခိုင်မှု (၁၀၀%)မရှိရင် ဗင်နီစီယပ်စ်ကိုလည်း ရွေးချယ်မှာမဟုတ်ဘူးလို့ အန်ဆယ်လော့တီ ပြောကြား

ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လော့တီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းမှာ ကြံ့ခိုင်မှု(၁၀၀%)ရှိတဲ့ ကစားသမားတွေကိုသာ ရွေးချယ်သွားမှာဖြစ်ပြီး ကြံ့ခိုင်မှုမပြည့်ဝရင် ဗင်နီစီယပ်စ်ကိုလည်း ရွေးချယ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဆန်းတို့စ်အသင်းက နာမည်ကျော်တိုက်စစ်ကစားသမား နေမာဟာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝဖို့ မသေချာတာကြောင့် မေးမြန်းခဲ့ရာမှာ အန်ဆယ်လော့တီက ဗင်နီစီယပ်စ်ကိုပါ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
''ဘရာဇီးလ်မှာ အရမ်းကောင်းတဲ့ကစားသမားတွေ အများကြီးရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်သူတွေ ကြံ့ခိုင်မှု(၁၀၀%)ရှိသလဲဆိုတာ ရွေးချယ်ဖို့ပဲ လိုအပ်ပါတယ်။ နေမာတင်မဟုတ်ပါဘူး။ ဗင်နီစီယပ်စ်လည်း ဖြစ်နိုင်ပါတယ်။ ဗင်နီစီယပ်စ်က (၉၀%)ပဲ ရှိမယ်ဆိုရင် (၁၀၀%)ရှိတဲ့ တခြားကစားသမားတစ်ယောက်ကို ကျွန်တော် ခေါ်ယူမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒါက ပြိုင်ဆိုင်မှုအရမ်းပြင်းထန်တဲ့ အသင်းတစ်သင်းဖြစ်နေတာကြောင့်ပါ။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာ အရမ်းကောင်းတဲ့ ကစားသမားတွေ အများကြီးရှိနေတာပါ'' လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။
အသက်(၃၃)နှစ်ရှိပြီဖြစ်တဲ့ နေမာက သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာနိုင်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်ရဖို့ ဆန္ဒပြင်းပြနေပေမဲ့ ဒဏ်ရာထိုးနှက်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လွဲချော်ရဖို့ အလားအလာများနေကြောင်း သိရပါတယ်။
ဗင်နီစီယပ်စ်(၂၅ နှစ်)ကတော့ လက်ရှိအချိန်မှာ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့တိုက်စစ်ကို အဓိကဦးဆောင်နေသူဖြစ်ပါတယ်။

image