ကလပ်များက ကန့်ကွက်နေတဲ့ကြားမှ ကမ္ဘာ့ဖလားတွင် ထောင့်ကန်ဘောအတွက်ပါ VAR သုံးလာမယ့် ဖီဖာ
========================
ဖီဖာဟာ ပြည်တွင်းလိဂ်များက ပွဲကြန့်ကြာနိုင်မှုကြောင့် ကန့်ကွက်နေတဲ့ကြားမှ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ စတင်ကာ ထောင့်ကန်ဘောပေးရေးအတွက် VAR ဖြင့် စစ်ဆေးမှုပါ ပြုလုပ်လာတော့မှာ ဖြစ်ပါတယ်။
အောက်တိုဘာလ တွေ့ဆုံဆွေးနွေးပွဲတွင် ဘောလုံးစည်းမျဉ်းရေးဆွဲတဲ့ International Football Association Board (Ifab) ဟာ ဒုတိယမြောက်အဝါကတ်ပြသမှုတွင် VAR ကြားဝင် စစ်ဆေးမှုပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဒါပေမယ် International Football Association Board (Ifab) ဟာ ဖီဖာက ထောင့်ကန်ဘောကိုပါ VAR အသုံးပြုရန် စစ်ဆေးရန် အဆိုတင်သွင်းမှုကို ပယ်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖီဖာဟာ လက်လျှော့ခြင်း မရှိသေးဘဲ ထောင့်ကန်ဘောအား VAR ဖြင့် စစ်ဆေးမှုအား ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ စတင်ကာ စမ်းသပ် အသုံးပြုမှု ပြုလုပ်လာပါမယ်။
ဖီဖာနှင့် International Football Association Board (Ifab) တို့ဟာ လာမယ့် ဇန်နဝါရီလ တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းအတွက် ဆက်လက် ဆွေးနွေးလာကြပါဦးမယ်။၊
ဖီဖာဟာ အလိုအလျှောက် လူကျွံဖမ်းခြင်းနည်းပညာ အသုံးပြုမှု၊ VAR ဆုံးဖြတ်ချက်အား ပရိသတ်များအား ဒိုင်လူကြီးက စပီကာမှ ကြေညာပြောဆိုမှုတို့ ပြုလုပ်နိုင်ခဲ့ပြီးနောက် ထောင့်ကန်ဘောကိုပါ နည်းပညာအသုံးပြုကာ ဆုံးဖြတ်လာတော့မှာလည်း ဖြစ်ပါတယ်။
ဖီဖာရဲ့ ဒိုင်အကြီးအကဲပီယာလူဂီကော်လီနာကလည်း ထောင့်ကန်ဘောအား VAR ဖြင့် စစ်ဆေးတဲ့ စနစ်ကို ထောက်ခံထားပါတယ်။
အီတလီဂန္ထဝင်ဒိုင်လူကြီးက မတော်တဆအမှားကြောင့် ပွဲအပြောင်းအလဲ ဖြစ်သွားတဲ့ ဖြစ်ရပ်မျိုးအား ရှောင်ရှားနိုင်ရန်အတွက် VAR အသုံးပြုမှုအား ထောက်ခံရခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။
၎င်းက ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင် ပေါ်တူဂီတို့ အချိန်ပိုတွင် လက်ထိဘောမှ မှားယွင်း ဖရီးကစ် ရရှိကာ ဂိုးရရှိသွားမှုအား ထောက်ပြထားပါတယ်။
မကြာသေးမီတုန်းက နော်တင်ဟမ်ဖောရက်စ်နည်းပြရှောင်ဒိုက်ချီက ယခုရာသီတွင် မှားယွင်းထောင့်ကန်ဘောပေးခဲ့ရမှုမှ ၂ ဂိုးပေးခဲ့မှုအတွက် ဝေဖန်ထားပါတယ်။
ဒါပေမယ် ရှောင်ဒိုက်ချီအပါအဝင် ကလပ်များက ထောင့်ကန်ဘောကိုပါ VAR က ဝင်ရောက် စစ်ဆေးလာမှုကြောင့် ပွဲကြန့်ကြာနိုင်မှုနှင့်အတူ ယင်းစနစ်အသုံးပြုမှုအား ကန့်ကွက်နေကြပါတယ်။