အရန်ခုံသို့ အပို့ခံရပေမယ့် ပရော်ဖက်ရှင်နယ်ပီသစွာ ရှိနေခဲ့တဲ့ ဆာလက်ကို ဆလော့ ချီးကျူးလာ
===================
လီဗာပူးနည်းပြအန်းဆလော့ဟာ အရန်ခုံသို့ အပို့ခံရပေမယ့်လည်း ပရော်ဖက်ရှင်နယ်ပီသစွာ ရှိနေခဲ့တဲ့ မိုဟာမက်ဆာလက်အား ထိပ်တန်းပရော်ဖက်ရှင်နယ်တစ်ဦးလို့ ချီးကျူးလာပါတယ်။
ပြိုင်ပွဲအရပ်ရပ် ၁၂ ပွဲတွင် ၉ ပွဲအထိ ရှုံးပွဲကြုံရပြီးနောက် အန်းဆလော့ဟာ တနင်္ဂနွေနေ့တုန်းက ဝက်စ်ဟမ်းအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပရီးမီးယားလိဂ်ပွဲတွင် ဆာလက်ကို အရန်ခုံသို့ ပို့ခဲ့ပါတယ်။
ဆာလက်ဟာ ၂၀၂၄ ခုနှစ် ဧပြီလနောက်ပိုင်းတွင် ကြံ့ခိုင်မှုပြည့်ဝပါလျက် ပထမဆုံးအကြိမ်အဖြစ် အရန်ခုံသို့ အပို့ခံရတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ၂၉ ဂိုးသွင်းကာ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ အီဂျစ်စူပါစတားဟာ ယခုရာသီတွင် ၄ ဂိုးတည်းသာ သွင်းထားနိုင်ကာ ရုန်းကန်နေရပါတယ်။
ဆာလက်က "ကျွန်တော်တို့အတွက် ကစားဖို့ လုံလောက်တဲ့ကောင်းမွန်မှုရှိတဲ့ ကစားသမားတစ်ယောက်ရဲ့ ပုံမှန်တံ့ပြန်မှုပါ။ သူက ကလပ်အတွက် နှစ်ပေါင်းများစွာ အကောင်းဆုံးလုပ်ပြလာတဲ့အပြင် နောက်လည်း လုပ်ပြမယ့်သူပါ။ ပွဲထွက်ခွင့်မရလို့ မပျော်တာ သူ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါက သာမန်ပါ။ သူက အရမ်းစည်းကမ်းရှိတယ်။ ဘယ်လို ကြံ့ခိုင်အောင် နေရမလဲ သိတယ်။ ကစားတာ ကောင်းသည်ဖြစ် မကောင်းသည်ဖြစ်စေ မကစားရသည်ဖြစ်စေ ကစားရသည်ဖြစ်စေ သူက ထိပ်တန်းပရော်ဖက်ရှင်နယ်အဖြစ် အမြဲ ရှိနေမှာပါ။ နောက်ဆုံး ၂ ရက်မှာ သူလုပ်ပြခဲ့တာပါ"လို့ ဆိုသွားပါတယ်။
ဆလော့ဟာ ဆာလက်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အီဂျစ်အသင်းထံသို့ အာဖရိကဖလားပြိုင်ပွဲအတွက် စေလွှတ်ရမှာဖြစ်ကြောင်းလည်း အတည်ပြုသွားပါတယ်။
လီဗာပူးဟာ ယနေ့ညတွင် ဆန်းဒါးလန်းအား ဧည့်ခံကစားရမှာ ဖြစ်ပြီး စနေနေ့တွင် တန်းဆင်းဇုန်မှ လိဒ်အား အဝေးကွင်းသို့ သွားရောက် ကစားရပါမယ်။