ဆာဂျမ်ရက်ကလစ်ဖ်ရောက်လာပြီးနောက် ဝန်ထမ်းများအတွက် ပထမဆုံးခရစ္စမတ်ပါတီပွဲ ကျင်းပပေးလာမယ့် ယူနိုက်တက်
======================

ယူနိုက်တက်ဝန်ထမ်းများဟာ အသင်းပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ် ရောက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ခရစ္စမတ်ပါတီပွဲ ကျင်းပပျော်ရွှင်ခွင့်ရလာကြပါမယ်။
ဆာဂျမ်ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက အသုံးစရိတ်ချွေတာတဲ့အနေဖြင့် ခရစ္စမတ်ပါတီပွဲ မကျင်းပပေးခဲ့ပြီးတဲ့နောက် ယခုနှစ်မှာတော့ ခရစ္စမတ်ပျော်ပွဲရွှင်ပွဲ ပြုလုပ်ပေးလာပါမယ်။
Daily Mail သတင်းစာရဲ့ ဖော်ပြမှုအရ ယူနိုက်တက်ထံသို့ ခရစ္စမတ်ပါတီပွဲ ပြန်လည် ယူဆောင်လာပေးတဲ့သူက စီးအီးအိုအိုမာဘာရာဒါ ဖြစ်ပါတယ်။
ဆာဂျမ်ရက်ကလစ်ဖ်ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက ခရစ္စမတ်ပါတီပွဲပြီးဆုံးချိန်တွင် ယူနိုက်တက်အား ပူးတွဲပိုင်ဆိုင်လာခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ခရစ္စမတ်ပါတီပွဲ ကျင်းပပေးခဲ့ခြင်း မရှိပါဘူး။
ဆာဂျမ်ရက်ကလစ်ဖ်ဟာ အသုံးစရိတ်ချွေတာတဲ့အနေဖြင့် ကလပ်ဝန်ထမ်းများအား နှစ်စဉ် အပိုဆုကြေး ပေါင် ၁၀၀ ပေးမှုတဲ့ စနစ်ကို ဖျက်သိမ်းကာ ပေါင် ၄၀ တန် ဈေးဝယ်ကတ်ပေးပြီး အစားထိုးခဲ့ပါတယ်။
ဒါ့အပြင် ဆာဂျမ်ရက်ကလစ်ဖ်ဟာ ဝန်ထမ်း ၄၀၀ ကျော်တို့အား ထုတ်ပယ်ပြီး အသုံးစရိတ်လျှော့ချခဲ့သလို ဝန်ထမ်းများအား နေ့လည်စာကျွေးမှုကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမယ့် ယခုနှစ်မှာတော့ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကွင်းတွင် ဝန်ထမ်းများအတွက် ခရစ္စမတ်ပါတီပွဲ ကျင်းပပြုလုပ်ပေးလာတော့မှာလည်း ဖြစ်ပါတယ်။

image