အက်သလက်တီကိုအသင်းကို အနိုင်ယူခဲ့တဲ့ပုံစံက ချန်ပီယံပြေးလမ်းအတွက် အဆုံးအဖြတ်ဖြစ်နိုင်တယ်လို့ ရာဖင်ညာ ပြောကြား
ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား ရာဖင်ညာက အက်သလက်တီကိုအသင်းကို အနိုင်ယူခဲ့တဲ့ပုံစံက ချန်ပီယံပြေးလမ်းအတွက် အဆုံးအဖြတ်ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါကြိုကန်ပွဲမှာ ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ယူပြီး လာလီဂါမှာ (၅)ပွဲဆက်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အက်သလက်တီကိုနဲ့ပွဲမှာ ပြိုင်ဘက်အသင်းက ပွဲအစ(၁၉)မိနစ်ကတည်းက ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ ဘာစီလိုနာအသင်းက (၃)ဂိုးပြန်သွင်းကာ ဂိုးပြတ်နိုင်ပွဲ ရယူခဲ့တာဖြစ်ပြီး ချေပဂိုးကို ရာဖင်ညာက (၂၆)မိနစ်မှာ သွင်းယူခဲ့တာပါ။
ရာဖင်ညာဟာ ပေါင်ခြံဒဏ်ရာကြောင့် ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်(၉)ပွဲကို လွဲချော်ခဲ့ရပြီး ဘီလ်ဘာအိုနဲ့ပွဲမှာမှ ပြန်ကစားနိုင်တာဖြစ်သလို၊ ဒီပွဲမှာ ဂိုးသွင်းနိုင်တာက စက်တင်ဘာလနောက်ပိုင်း ပထမဆုံးဂိုးလည်း ဖြစ်ခဲ့ပါတယ်။
''ကျွန်တော်တို့ တစ်ပွဲထက်တစ်ပွဲ ယုံကြည်မှုမြင့်တက်လာတယ်လို့ ထင်ပါတယ်။ ဒီပွဲက လာလီဂါရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ပြီး ဒီလိုမျိုး အနိုင်ယူခဲ့တဲ့ပုံစံက ချန်ပီယံပြေးလမ်းအတွက် အဆုံးအဖြတ်ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ တစ်ပွဲပြီးတစ်ပွဲ အမှတ်ပြည့်ယူနိုင်ခဲ့ရင် အရာအားလုံးက ပိုကောင်းလာမှာပါ'' လို့ ရာဖင်ညာက ပြောကြားခဲ့ပါတယ်။
အက်သလက်တီကိုနည်းပြ ဆီမြွန်နီကတော့ ရာဖင်ညာရဲ့ခြေစွမ်းကို ချီးကျူးခဲ့ပြီး Ballon d'or ဆု မရသေးတဲ့အတွက် မယုံနိုင်အောင်ဖြစ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။