ပွဲစတင်ခါနီးအချိန်တွင်မှ နည်းဗျူဟာပိုင်း အပြောင်းအလဲ ပြုလုပ်တတ်တဲ့ သောမတ်စ်ဖရန့်အပေါ်တွင် စပါးစ်စတားများ အကြီးအကျယ် စိတ်ပျက်လျက်ရှိ
===================

စပါးစ်ကစားသမားများဟာ ပွဲကစားရန် အချိန်ကပ်နေချိန်တွင်မှ ဗျူဟာပိုင်း အပြောင်းအလဲ ပြုလုပ်တတ်တဲ့ သောမတ်စ်ဖရန့်ရဲ့ လုပ်ဆောင်မှုများအပေါ်တွင် စိတ်ပျက်လျက်ရှိကြောင်း သိရပါတယ်။
စပါးစ်အဝတ်အစားလဲခန်းနှင့် နီးစပ်တဲ့ သတင်းအရင်းအမြစ်က ကစားသမားများမှာ ပွဲကစားရန် နီးကပ်နေတဲ့အချိန် (သို့မဟုတ်) ပွဲအစောပိုင်းတို့တွင်ပင် ယခင် စီစဉ်ထားတဲ့ ဗျူဟာကို အပြောင်းအလဲ ပြုလုပ်ခြင်း၊ လုံးဝ ပြောင်းလဲခြင်းတို့ ပြုလုပ်ကာ ကစားသမားများရဲ့ တာဝန်အား အပြောင်းအလဲ လုပ်မှုအပေါ် စိတ်ပျက်နေကြောင်း ဆိုသွားပါတယ်။
သောမတ်စ်ဖရန့်ဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် အိမ်ကွင်း ၁ ပွဲတည်းသာ အနိုင်ရရှိထားမှုနှင့်အတူ ဖိအားများအောက်သို့ ကျရောက်နေသူ ဖြစ်ပါတယ်။
ဒါပေမယ့် ယနေ့ည နယူးကာဆယ်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာတော့ ဒိန်းမတ်လူမျိုးနည်းပြက စပါးစ်ပိုင်ရှင်များရဲ့ ထောက်ခံအားပေးမှု အပြည့်အဝ ရရှိထားတယ်လို့ ယုံကြည်ကြောင်း ဆိုထားပါတယ်။
စပါးစ်စတားအချို့တို့ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ပီအက်စ်ဂျီကို ရှုံးနိမ့်တဲ့ ပွဲစဉ်အတွင်းတွင် ဖရန့်ရဲ့ ဗျူဟာအပြောင်းအလဲကြောင့် ပွဲအတွင်း မည်သည့်တာဝန်ယူရမည်ကိုပင် ရေရေရာရာ မသိတော့တဲ့ အခြေအနေမျိုးသို့ ရောက်သွားခဲ့ပါတယ်။
ယင်းပွဲတွင် စပါးစ်ဟာ ချန်ပီယံလိဂ်ချန်ပီယံကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ကစားနိုင်ခဲ့ပြီးမှ ၅ ဂိုးအထိ ပေးရကာ အမှတ်ဗလာဖြင့် ပါရီမှ ပြန်ခဲ့ရတာပါ။
တဖက်တွင် စပါးစ်ကစားသမားအချို့တို့ဟာ ဖရန့်လက်အောက်တွင် ကစားရတာ ပျော်ရွှင်နေပေမယ့် ယခုကဲ့သို့ ကစားသမားအချို့ စိတ်ပျက်နေမှုနှင့်အတူ ရလဒ်ပိုင်း ဆိုးရွားနေပါက အသင်းအတွင်း စည်းလုံးမှု ပျက်ပြယ်လာမှာကို စိုးရိမ်နေကြရပါတယ်။
ဖရန့်ရဲ့ စပါးစ်ဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၇ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရထားပြီး နောက်ဆုံး ၃ ပွဲတွင် ၁၁ ဂိုးအထိ ပေးထားရပါတယ်။

image