၂၀၂၆ ကမ္ဘာ့ဖလားတွင် ယူနိုက်တက်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ စံချိန် ကျိုးပျက်လာဖို့ ရှိနေ
======================
ကမ္ဘာ့ဖလား ၁၄ ကြိမ် ဆက်တိုက် အင်္ဂလန်အသင်းလူစာရင်းမှာ ယူနိုက်တက်ကစားသမား အနည်းဆုံး ၁ ဦး ပါဝင်လာခဲ့ပါတယ်။
၁၉၅၈ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဘော်လ်ဘီချာလ်တန်မှ စတင်ပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ လုပ်ခ်ရှော၊ ဟယ်ရီမက်ဂွိုင်းယား၊ မားကပ်စ်ရက်ဖို့ဒ်တို့အထိ ၆၄ နှစ်ဆက်တိုက် ယူနိုက်တက်မှ ကစားသမားတွေ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်တဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်လာခဲ့တာပါ။
ဒါပေမယ့် ယူနိုက်တက်ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ မှတ်တမ်းဟာ လာမယ့်နှစ် မြောက်အမေရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားမှာတော့ ကျိုးပျက်လာဖို့ ရှိနေပါတယ်။
ယခုနှစ်အတွင်းမှာ သောမတ်စ်တူချယ်ဟာ တစ်ဦးတည်းသော ယူနိုက်တက်ကစားသမားအဖြစ် ဗီလာနှင့် ဘာစီလိုနာမှာ အငှားဖြင့် သွားကစားနေတဲ့ မားကပ်စ်ရက်ဖို့ဒ်ကိုပဲ ရွေးချယ်လာပါတယ်။
ရက်ဖို့ဒ်က အခြားအသင်းမှာ အငှားဖြင့် ကစားနေတယ်ဆိုပေမယ့်လည်း ယူနိုက်တက်ကစားသမားအဖြစ် ရှိနေတုန်း ဖြစ်ပါတယ်။
ဒါပေမယ့် ယခုရာသီအကုန်တွင် ရက်ဖို့ဒ်ဟာ ဘာစီလိုနာသို့ ပေါင်သန်း ၃၀ ဖြင့် အပြီးသတ်ပြောင်းရွှေ့လာဖို့ ရှိနေတာကြောင့် ယူနိုက်တက်ကိုယ်စားပြု ကစားလာဖို့ မရှိပါဘူး။
လုခ်ရှော၊ ဟယ်ရီမက်ဂွိုင်းယား၊ ကိုဘီမိုင်နူးနှင့် မေဆင်မောင့်တို့မှာလည်း တူချယ်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ရွေးချယ်ခံရဖို့ မရေမရာ ဖြစ်နေပါတယ်။
လုခ်ရှောမှာ ၂၀၂၄ ခုနှစ် ဇူလိုင်လတုန်းက စပိန်နှင့် ယူရို ၂၀၂၄ ဗိုလ်လုပွဲကတည်းက အင်္ဂလန်အသင်းမှာ ကစားခွင့်မရလာခဲ့ပါဘူး။ မက်ဂွိုင်းယားနှင့် လုခ်ရှောတို့ကလည်း ပြီးခဲ့တဲ့နှစ်စက်တင်ဘာလကတည်းက ရွေးချယ်ခံရခြင်း မရှိပါဘူး။
မေဆင်မောင့်ကတော့ ၂၀၂၂ ဒီဇင်ဘာလတုန်းက ပြင်သစ်နှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲကတည်းက ရွေးချယ်ခြင်းမခံလာရပါဘူး။
လုခ်ရှောဟာ ယူနိုက်တက်ရဲ့ ယခုရာသီ ပရီးမီးယားလိဂ်ပွဲတိုင်း ပွဲထွက်ကစားခွင့်ရနေပေမယ့်လည်း အင်္ဂလန်အသင်းမှာ ရွေးချယ်ခံလာရခြင်း မရှိပါဘူး။
တူချယ်ဟာ ဗဟိုနောက်ခံလူနေရာအတွက် ဂျွန်စတုန်း၊ မာ့ခ်ဂူဟီ၊ အက်ဇ်ရီကွန်ဆာတို့ ရှိနေတဲ့အပြင် ဒန်ဘန်းနှင့် ဂျာရဲလ်ကွန်ရှာတို့သာ အားပြုနေပါတယ်။
ဒါပေမယ့် တူချယ်အနေဖြင့် လုခ်ရှောကို ရွေးချယ်လာမည်ဆိုပါက ဗဟိုခံစစ်အတွက်သာမက ဘယ်နောက်ခံလူနေရာအတွက်လည်း အားကိုးလာရပါမယ်။
ဟယ်ရီမက်ဂွိုင်းယားမှာ ဆောက်ဂိတ်လက်ထက်တုန်းက အဓိက ကစားသမားအဖြစ် ပုံမှန်ကစားခွင့်ရလာပေမယ့်လည်း ယာယီနည်းပြလီးကာစလေလက်ထက်မှ စတင်ကာ ချန်လှပ်ခံလာရပါတယ်။
မိုင်နူးမှာ ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းက အင်္ဂလန်အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှ ကစားခဲ့ပေမယ့်လည်း ယူနိုက်တက်တွင် ပုံမှန်ကစားခွင့်ပျောက်နေမှုနှင့်အတူ ရွေးချယ်ခံလာရဖို့ မရှိပါဘူး။
တကယ်လို့များ မိုင်နူးအနေဖြင့် ဇန်နဝါရီတွင် ပုံမှန်ကစားခွင့်ရမယ့် အသင်းတစ်သင်းသိ့ ပြောင်းရွှေ့ကစားပြီး ခြေစွမ်းပြလာနိုင်ပါက အင်္ဂလန်အသင်းတွင် နေရာရလာနိုင်ပေမယ့် အရန်အဖြစ်သာ ကစားခွင့်ရလာဖို့ ရှိပါတယ်။
မေဆင်မောင့်မှာ ယခုရာသီတွင် ဒဏ်ရာပြဿနာမှ လွတ်မြောက်လာပြီးနောက် အရေးပါတဲ့ ကစားသမားအဖြစ် ကစားနေသူ ဖြစ်ပြီး ပဲလေ့စ်နှင့်ပွဲတွင် အဖိုးတန်အနိုင်ဂိုးသွင်းခဲ့ပါတယ်။
သူဟာ ချဲလ်ဆီးတွင် တူချယ်လက်အောက်မှာ ကစားခဲ့ဖူးပေမယ့် ရက်ဖို့ဒ်၊ အီးဇီး၊ အန်တိုနီဂေါ်ဒွန်၊ ဘူကာယိုဆာကာ၊ ဖီးလ်ဖိုဒန်၊ ကိးလ်ပါလ်မာ၊ မော်ဂန်ရိုဂျာ၊ ဂျူ့ဘယ်လင်ဂမ်တို့ ရှိနေမှုနှင့်အတူ ရွေးချယ်ခံရရန် ခက်ခဲနေပါတယ်၊
ဒါပေမယ့် ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုနေတဲ့ တူချယ်ဟာ ဘယ်လင်ဂမ် (သို့မဟုတ်) ရိုဂျာတို့ ဒဏ်ရာရရှိလာပါက မေဆင်မောင့်ကို ရွေးချယ်ရေး အလေးအနက်ထား စဉ်းစားလာနိုင်ပါတယ်။