ဖခင်ရဲ့ ခြေရာနင်းကာ ချဲလ်ဆီးနှင့် ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုလာတဲ့ တီယာဂိုဆေးလ်ဗားရဲ့သား
=====================
တီယာဂိုဆေးလ်ဗားရဲ့သားအိုင်ဆာဂိုဟာ ချဲလ်ဆီးနှင့် ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုကာ ဖခင်ဖြစ်သူရဲ့ခြေရာကို နင်းလာပါတယ်။
အသက် ၁၇ နှစ်ရှိ အိုင်ဆာဂိုဟာလည်း ဖခင်ဖြစ်သူကဲ့သို့ပင် နောက်ခံလူတစ်ဦးဖြစ်ပြီး တစ်နေ့တွင် ချဲလ်ဆီးပထမအသင်းအတွက် အားကိုးရတဲ့သူတစ်ဦးဖြစ်လာမယ်လို့ မျှော်လင့်ခြင်းခံထားရသူလည်း ဖြစ်ပါတယ်။
တီယာဂိုဆေးလ်ဗားဟာ ၂၀၂၀ ခုနှစ်တွင် ပီအက်စ်ဂျီမှ ထွက်ခွာလာပြီးနောက် ချဲလ်ဆီးအတွက် ၄ နှစ်ကစားစဉ်အတွင်း ၁၅၅ ပွဲကစားခဲ့ကာ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဆေးလ်ဗားဟာ ဘရာဇီးအသင်းအတွက် ၁၁၃ ပွဲကစားခဲ့ကာ ၂၀၂၂ ခုနှစ်တုန်းက လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်ပါတယ်။
အသက် ၄၁ နှစ်ရှိ ဆေးလ်ဗားဟာ ဖလာမင်ဂိုတွင် ကစားနေဆဲ ဖြစ်ပြီး ကစားသမားဘဝမှ အနားယူရန် အစီအစဉ် မရှိသေးသလို ဥရောပသို့ ပြန်လည်ခြေချလာမယ်လို့လည်း သတင်းထွက်နေပါတယ်။
သူဟာ ဘရာဇီးတွင် ဘောလုံးဆက်ကစားနေပေမယ့်လည်း သားသမီးများနှင့် ဇနီးသည်ကတော့ လန်ဒန်မှာ နေထိုင်နေတုန်း ဖြစ်ပါတယ်။ အိုင်ဆာဂိုရဲ့ ညီအီယာဂိုမှာလည်း ချဲလ်ဆီးအကယ်ဒမီတွင်ပင် ကစားနေပါတယ်။
အိုင်ဆာဂိုဆေးလ်ဗားဟာ ချဲလ်ဆီးအကယ်ဒမီသို့ ရောက်လာပြီးနောက် ယူ-၁၃ တွင် စတင်ကစားခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှ စတင်ကာ ချဲလ်ဆီးယူ-၁၈ မှာ စတင်ကစားခွင့်ရလာခဲ့ပါတယ်။
သူဟာ ယခုရာသီတွင် ချဲလ်ဆီးယူ-၁၇ နှင့် ယူ-၁၈ တို့တွင် ပုံမှန်ကစားခွင့်ရနေသူ ဖြစ်ပြီး ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်အတွက် အကယ်ဒမီ ကစားသမား ၃၃ ဦးစာရင်းမှာ ထည့်သွင်းခြင်းခံထားရပါတယ်။