ဖီဖာက အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမား စေလွှတ်ရမယ့် ရက်စွဲသစ် ကြေညာလာမှုကြောင့် ယူနိုက်တက် အကျိုးအမြတ်ရှိလာ
===================

ယူနိုက်တက်အပါအဝင် ကလပ်များဟာ ဖီဖာဘက်က အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမားများကို စေလွှတ်ရမယ့် ရက်စွဲသစ်ကြေညာလာမှုကြောင့် အကျိုးအမြတ် ရရှိလာပါတယ်။
ယူနိုက်တက်ဟာ အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမားများ စေလွှတ်ရမယ့် ကလပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။
အစောပိုင်းတုန်းက ကလပ်များဟာ ကစားသမားများကို အာဖရိကဖလားပြိုင်ပွဲဝင်အသင်းများသို့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် စေလွှတ်ရပါမယ်။
ဒါပေမယ့် ယနေ့တွင် Daily Mail ရဲ့ ဖော်ပြလာမှုအရ ကလပ်များအနေဖြင့် အာဖရိကစတားများကို နောက်ထပ် တစ်ပတ် ထိန်းထား အသုံးပြုနိုင်ပါဦးမယ်။
ဖီဖာက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မှ နောက်ဆုံးထားကာ ကစားသမားများကို စေလွှတ်ရန် ဆုံးဖြတ်လာတာပါ။
ဒါကြောင့်လည်း ယူနိုက်တက်ဟာ အာမက်ဒီရယ်လို၊ ဘရိုင်ယန်အမ်ဘူမိုနှင့် နူဆာမာ့ဇ်ရာဝီတို့အား ယင်းနေ့ ဘုန်းမောက်ပွဲအထိ ထိန်းထားနိုင်ပါမယ်။
ယူနိုက်တက်ဟာ ယနေ့ အိုးထရက်ဖို့ဒ်ပွဲအပြီးတွင် ကစားသမားများကို စေလွှတ်လာဖို့ ရှိပါတယ်။
လက်ရှိအချိန်မှာ ယူနိုက်တက်ဘက်က ယင်းပွဲတွင် ယင်းကစားသမား ၃ ဦးကို အသုံးပြုပြီးမှ စေလွှတ်လာမလားဆိုတာ အတည်မပြုသေးပါဘူး။
ဒါပေမယ့် အစောပိုင်းတုန်းက ယူနိုက်တက်မန်နေဂျာအမိုရမ်က ကစားသမားများ ထွက်ခွာရေးကို အတတ်နိုင်ဆုံး နောက်ဆုတ်ထားနိုင်ဖို့ ကြိုးစားမယ်လို့ ဆိုထားပါတယ်။
ယူနိုက်တက်ကဲ့သို့ပင် ဆန်းဒါးလန်းမှာလည်း နယူးကာဆယ်နှင့် တိုင်နီဝယ်ယာဒါဘီပွဲတွင် အတောင့်တင်းဆုံးအသင်းဖြင့် ပွဲထွက်လာနိုင်ပါတော့မယ်။
ယင်းတိုင်နီဝယ်ယာဒါဘီမှာ ၂၀၁၇ ခုနှစ်တွင် ဆန်းဒါးလန်းတို့ တန်းဆင်းသွားရပြီးနောက် ပထမဆုံးပရီးမီးယားလိဂ်တွင် ထိပ်တိုက်တွေ့မယ့် ဒါဘီပွဲလည်း ဖြစ်ပါတယ်။
ယင်းပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကစားလာမှာ ဖြစ်ပြီး ဆန်းဒါးလန်းအနေဖြင့် ဆိုင်မွန်အေဒင်ဂရာနှင့် ချမ်ဒိုင်းတယ်ဘီတို့အား အသုံးပြုလာနိုင်ပါမယ်။
ယင်းပွဲအပြီးတွင် ဆန်းဒါးလန်းဟာ ယင်းကစားသမား ၂ ဦးအပြင် ဘာထရမ်းထရာအိုရီ၊ အာသာမာဆွာကာ၊ ရိုင်နယ်ဒို၊ နိုအာဆာဒီကီ၊ ဟာဘစ်ဒီယာရာတို့ကိုလည်း ဆုံးရှုံးလာပါမယ်။
ယခုကဲ့သို့ ကစားသမား စေလွတ်ရမယ့်နေ့ နောက်ဆုတ်လာမှုနှင့်အတူ မန်စီးတီးမှာ ပဲလေ့စ်နှင့်ပွဲအထိ အိုမာမာမွတ်ရှ်အား သုံးလာနိုင်မှာ ဖြစ်သလို လီဗာပူးမှာလည်း ဘရိုက်တန်နှင့်ပွဲအထိ မိုဟာမက်ဆာလက်အား သုံးလာနိုင်ပါမယ်။
ပရီးမီးယားလိဂ်ကလပ်များဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စတင်မယ့် အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမား ၄၅ ဦးအထိ ဆုံးရှုံးလာပါမယ်။
ပရီးမီးယားလိဂ်ကလပ်များဖြစ်ကြတဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ လိဒ်၊ နယူးကာဆယ်တို့ကတော့ အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမားတစ်ဦးမျှ စေလွှတ်လာရမှာ မဟုတ်ပါဘူး။
နယူးကာဆယ်ရဲ့ ပေါင် ၅၅ သန်းတန်တိုက်စစ်မှူးယိုအာနီဝစ်ဆာမှာ ဒဏ်ရာကြောင့် အနားယူနေရမှုနဲ့အတူ ဒီမိုကရက်တစ်ကွန်ဂိုရဲ့ ရွေးချယ်ခံလာရခြင်း မရှိပါဘူး။
အာဖရိကဖလားပြိုင်ပွဲ သွားကစားရမယ့် ကစားသမားများဟာ ပွဲ ၈ ပွဲအပြင် ဇန်နဝါရီလ ၁၈ ရက်နေ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကိုလည်း လွဲချော်လာနိုင်ပါတယ်။

image