KBZMS နှင့် InterRisk Asia တို့ပူးပေါင်းကာ မြန်မာနိုင်ငံ၏ငလျင်အန္တရာယ် စီမံခန့်ခွဲမှုနှင့် စီးပွားရေးလုပ်ငန်းများဆက်လက်လည်ပတ်နိုင်ရေး ခိုင်မာအားကောင်းစေရန်ဆွေးနွေး

မြန်မာနိုင်ငံ၏ ငလျင်အန္တရာယ်စီမံခန့်ခွဲမှုနှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေးကို ခိုင်မာ အားကောင်းစေရန်အတွက် KBZMS General Insurance နှင့် InterRisk Asia (Thailand)တို့ပူးပေါင်း၍ “Earthquake Risk Management & Business Continuity in Myanmar Seminar”ကို ယနေ့ ဒီဇင်ဘာ ၁ ရက်က ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်တွင်ကျင်းပခဲ့သည်။
နိုင်ငံတကာနှင့် ပြည်တွင်းစီးပွားရေးအဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံစီးပွားရေးအဖွဲ့ဝင်များက ငလျင်အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မြန်မာ–ဂျပန် ပူးပေါင်းဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ကြပြီး "Collaborating for Continuity: Lessons from the Mandalay Earthquake"ခေါင်းစဉ်ဖြင့်လည်း ActionAid International ၏ Country Director၊ FIN Myanmar ဥက္ကဋ္ဌ၊ Myanmar-Bangladesh Chamber of Commerce ဒု-ဥက္ကဋ္ဌ Mr. Shihab Uddin Ahamad တို့ကဦးဆောင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် KBZMS ၏ CEO ဦးလူမွန်အောင်မှ မန္တလေးငလျင်ကြီးကြောင့် မိသားစုများ၊ စီးပွားရေးလုပ်ငန်းများနှင့် မရှိမဖြစ်လိုအပ်သည့် စနစ်များအားလုံး၌ အရေးကြီးသောလိုအပ်ချက်များရှိနေကာ နိုင်ငံအနှံ့အသိပညာမြှင့်တင်ရန်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာများအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းရန်လိုအပ်သည်ဟုပြောကြားခဲ့သည်။
ထို့ပြင် STATEMENT Architecture + Design တည်ထောင်သူနှင့် ကျောင်းအုပ်ကြီး Myanmar Green Building Society ဥက္ကဋ္ဌဒေါ်ချောကလျာမှလည်း ဘေးအန္တရာယ်ခံနိုင်ရည်ရှိမှုသည် အထူးသဖြင့် ကျေးလက်ဒေသရှိ အိမ်ထောင်စုတိုင်းထံရောက်ရှိရန်လိုအပ်မှု၊ ဒေသခံဆောက်လုပ်ရေးသမားများကိုလေ့ကျင့်ပေးရန်၊ ရိုးရှင်းသောကျေးလက်ဆောက်လုပ်ရေးလမ်းညွှန်ချက်များရေးဆွဲရန်နှင့် ဘေးကင်းလုံခြုံရေးသည် ဝင်ငွေပေါ်မူတည်မနေစေရေးအတွက် အတိုးနှုန်းသက်သာသော ချေးငွေများနှင့် ထောက်ပံ့မှုများကဲ့သို့သော ငွေကြေးဆိုင်ရာ အထောက်အကူများပံ့ပိုးပေးရန်ပြောကြားခဲ့သည်။
ထို့အတူ ActionAid International ၏ Partnership and Program ဦးဆောင်သူ Mr.Lafir Mohammad က စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် ရင်းနှီးမြှုပ်နှံခြင်း၊ ခိုင်မာသောပံ့ပိုးမှုများ၊ ငွေကြေးထောက်ပံ့မှုနှင့် အရေးပေါ်ဝန်ဆောင်မှုများပြုလုပ်ခြင်းမှတစ်ဆင့် ပုဂ္ဂလိကကဏ္ဍအားကောင်းလာစေရန် တိုက်တွန်းဆွေးနွေးခဲ့သည်။
InterRisk Asia (Thailand)မှတာဝန်ရှိသူများမှလည်း မတူညီသောရှုထောင့်မှစဉ်းစားရန်၊ ပိုမိုတိကျသေချာစွာ စီစဉ်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများတစ်လျှောက် ပြင်ဆင်မှုများခိုင်မာအားကောင်းစေရန် အထောက်အကူပြုမည့် မြန်မာနိုင်ငံ၏ ငလျင်အန္တရာယ်ဖြစ်နိုင်ခြေပုံစံနှင့် အဓိကကာကွယ်တားဆီးရေးနည်းလမ်းများ၏ အနှစ်ချုပ်ကိုတင်ပြခဲ့သည်။
ထို့ပြင် ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဘဏ္ဍာရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးသန့်ဇင်မှ နိုင်ငံတော်အဆင့်ပြင်ဆင်ထားရန်လိုအပ်မှုနှင့် ပတ်သက်၍ ခံနိုင်ရည်ရှိအောင် ရင်းနှီးမြှုပ်နှံရမည့်အချိန်သည် ယခုအချိန်ဖြစ်ပြီး ကြိုတင်ကာကွယ်သည့် လုပ်ဆောင်ချက်များ၊ ပိုမိုခိုင်မာသည့် စည်းမျဉ်းစည်းကမ်းလမ်းကြောင်းများနှင့် ကဏ္ဍအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများကို ပြောကြားခဲ့သည်။

image