တရုတ်များကို ရုရှားတွင် ရက်၃၀ ဗီဇာကင်းလွတ်ခွင့်ပြု
ခရီးသွားများ၊ စီးပွားရေးသမားများ၊ ပညာရှင်များ၊ အနုပညာရှင်များနှင့် အားကစားသမားများအပါအဝင် တရုတ်နိုင်ငံသား ခရီးသွားများစွာကို ရုရှားနိုင်ငံတွင် ရက်ပေါင်း ၃၀ အထိ ဗီဇာမလိုဘဲ ဝင်ရောက်နေထိုင်ခွင့်ပြုသည့် အတည်ပြု ဒီကရီ အမိန့်တစ်ရပ်ကို သမ္မတ ဗလာဒီမာ ပူတင်က တနင်္လာနေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတပ်များကို ယူကရိန်းနိုင်ငံအတွင်းသို့ စေလွှတ်ခြင်းမပြုမီ ရက်ပိုင်းအလိုက ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အကန့်အသတ်မဲ့ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုအချိန်မှစ၍ မော်စကိုသည် အနောက်တိုင်း၏ ပိတ်ဆို့မှုများဒ-ဏ်မှ သက်သာရာရစေရေးအတွက် ပေကျင်းထံမှ သွင်းကုန်များကို အကြီးအကျယ် အမှီပြုခဲ့ရသည်။
သူ၏ ဆုံးဖြတ်ချက်သည် ပေကျင်းက ရုရှားနိုင်ငံသား ခရီးသွားများစွာအတွက် တရုတ်နိုင်ငံသို့ ဗီဇာကင်းလွတ် ဝင်ရောက်ခွင့်ပြုခဲ့ခြင်းကို ရေရှည်ထင်ဟပ်ကြောင်း ပူတင်၏ အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး ရုရှား၏ စည်းမျဉ်းသစ်သည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အထိ အာဏာ သက်ရောက်မည်ဖြစ်သည်ဟု ဆိုသည်။
စည်းမျဉ်းသစ်များသည် တရုတ်ရွှေ့ပြောင်းလုပ်သားများ၊ နှစ်ရှည် ကျောင်းသားများ သို့မဟုတ် ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများမှ အလုပ်သမားများကို အကျူံးမဝင်ပေ။
သာမန်ရုရှားနိုင်ငံသား ပတ်စ်ပို့ ကိုင်ဆောင်သူများကို တရုတ်နိုင်ငံသို့ ရက် ၃၀ ဗီဇာကင်းလွတ်နေထိုင်ခွင့်အစီအစဉ်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ တစ်နှစ်ကြာ ပေးအပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလအတွင်း ပြောကြားထားခဲ့သည်။