နိုင်ငံသားတိုင်း နိုင်ငံကိုကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိ၍ အခြေခံစစ်ပညာရပ်များကိုသင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်
နိုင်ငံသားတိုင်း နိုင်ငံကိုကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိ၍ အခြေခံစစ်ပညာရပ်များကိုသင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်သည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)အားကြည့်ရှုစစ်ဆေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်ယာယီသမ္မတမှ ဝန်ကြီးဌာနအားလုံးရှိ နိုင်ငံ့ဝန်ထမ်းများအားလုံး ပုံစံတကျဖြစ်စေရန် နိုင်ငံ့ဝန် ထမ်းတက္ကသိုလ်များကိုဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနေမှု၊ နိုင်ငံသားတိုင်း နိုင်ငံကိုကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိ၍ နိုင်ငံတော်ကာကွယ်ရေးအတွက် အထောက်အကူပြုနိုင်ရန် အခြေခံစစ်ပညာရပ်များကိုသင်ကြားလေ့ကျင့်ပေးနေမှုတို့ကို ပြောကြားခဲ့သည်။
" အခြေခံစစ်ပညာပညာရပ်တွေ ထည့်သွင်းသင်ကြားပေးတာကြောင့် နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အမိန့်နာခံတတ်မှု၊ စည်းကမ်းစနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်မှု၊ အစုအဖွဲ့စနစ်နဲ့ စုစည်းညီညွတ်တဲ့စိတ်ဓာတ်နဲ့ လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေရှိလာမှာဖြစ်ပါတယ်"ဟု ယာယီသမ္မတက ပြော သည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ရုံးလုပ်ငန်းစည်းမျဉ်း၊စည်းကမ်းများ အုပ်ချုပ်မှုလုပ်ငန်းလုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် အမှုထမ်းများ၊ အရာထမ်းများအား ဘာသာရပ်များအလိုက်သင်ကြားလေ့ကျင့်ပေးရာတွင် ထိရောက်သည့်သင်ကြားလေ့ကျင့်မှုများဖြစ်ရန်လိုပြီး ဝန်ထမ်းများစိတ်ဓာတ်စည်းကမ်း ကောင်းမွန်စေရေး၊ ပါတီနိုင်ငံရေးကင်းရှင်းသည့်ဝန်ထမ်းများ၊ နိုင်ငံကိုချစ်မြတ်နိုးသည့်စိတ်ရှိသည့် ဝန်ထမ်းကောင်းများဖြစ်အောင်လေ့ကျင့်ပေးရမည်ဟု ပြောသည်။
" သင်ကြားပေးတဲ့ဘာသာရပ်တွေ ထိရောက်အကျိုးရှိစေဖို့ဆောင်ရွက်ပေးရပါမယ်။ သင်ရိုးညွှန်းတမ်းတွေကလည်း မိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေဖြစ်ဖို့လိုပါတယ်။ ဥပဒေနှင့်ပတ်သက်ရင် မိမိတို့ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းနေတာကြောင့် ဥပဒေကိုသိရှိနားလည်ဖို့ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းအားလုံး ဥပဒေကိုသိရှိနားလည်ကြဖို့လိုတာကြောင့် အခြေခံပညာအဆင့်ကစပြီး ဥပဒေအသိပညာတွေကို သင်ကြားပေးနေပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
နိုင်ငံ့ဝန်ထမ်းများအားလုံးသည် အသက်(၁၈)နှစ်ပြည့်ပြီးသူများဖြစ်၍ ဥပဒေကိုသိရှိနားလည်ရန်လိုအပ်ပြီး သင်တန်းများဖွင့်လှစ်သင်ကြားရာ၌ ဥပဒေပညာရပ်များကိုထည့်သွင်းသင်ကြားပေးရမည်ဖြစ်ကာ ဝန်ကြီးဌာနများအားလုံး၊ တိုင်းနှင့် ပြည်နယ်အားလုံးရှိ ရုံးလုပ်ငန်းစည်းမျဉ်းများ စနစ်တကျရှိစေရေးအတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှစတင်ပြီး အခြေခံရရှိအောင် ဆောင်ရွက်ရမည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်အတွင်း၊ ငလျင်ဒ-ဏ်ကြောင့်ထိခို-က်ပျ-က်စီးမှုဖြစ်ပေါ်ခဲ့သည့် နီလာခန်းမနှင့် မဟောသဓခန်းမ၊ ခတ္တာဆောင်ရှိ သင်တန်းသူအိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။