ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့် တို-က်ရို-က်ထိတွေ့ရသည့်အဖွဲ့အစည်းများဖြစ်၍ ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရန်လို
ပြည်သူ့ဆက်ဆံရေးကောင်းမွန်၍အလေ့အကျင့်ကောင်းရှိသောတပ်ဖွဲ့ဝင်များဖြစ်စေရေးနှင့်ပတ်သက်၍ ရဲအရာရှိလေ့ကျင့်ရေးကျောင်း(ဇီးပင်ကြီး)နှင့် ဗဟိုမီးသတ်သင်တန်းကျောင်း(ပြင်ဦးလွင်)တို့ကို နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးစဥ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့် တို-က်ရို-က်ထိတွေ့ရသည့်အဖွဲ့အစည်းများဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာများကို ဆောင်ရွက်ရခြင်းဖြစ်၍ ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရန်လိုသဖြင့် ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရန် တပ်ပြင်ပစည်းရုံးရေးပညာရပ်များကိုသင်ကြားပေးရမည်ဟု ပြောသည်။
" အသိပညာအားနည်းတဲ့သူတွေက ဥပဒေလိုက်နာမှုအားနည်းတယ်။ ဒါ့ကြောင့် မိမိတို့တာဝန်ထမ်းဆောင်ရာဒေသအလိုက် ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှုကိုကြည့်ပြီး စည်းကမ်းထိန်းသိမ်းမှုတွေ ဆောင်ရွက်ရပါမယ်။ မိမိတို့နိုင်ငံဟာ ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းနေတာကြောင့် ပြည်တွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ရဲတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်ရပါတယ်။ ဒါ့ကြောင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်များမြင့်မားလာစေဖို့ကို ဆောင်ရွက်ပေးရပါမယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
"ကူညီပါရစေ"ဆိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ပုဒ်အတိုင်း ပြည်သူများက အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ နိုင်ငံ့တာဝန်ထမ်းဆောင်မှုများကို လေးစားအသိအမှတ်ပြုပြီး အချင်းချင်းညီရင်း အကို၊ မောင်ရင်းနှမစိတ်ဓာတ်ဖြင့် အတူတကွတာဝန်ထမ်းဆောင်ရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတသည် သင်တန်းကျောင်းပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ကိုလိုနီခေတ်ကအသုံးပြုခဲ့သည့် ရဲတပ်ဖွဲ့အသုံးအဆောင်ပစ္စည်းများ၊ ရဲတပ်ဖွဲ့တံဆိပ်၊ ပုခုံးတံဆိပ်များ၊ လက်ရှိအသုံးပြုလျက်ရှိသည့် ရဲတပ်ဖွဲ့အသုံးအဆောင်ပစ္စည်းများ၊ အဆင့်တံဆိပ်များနှင့် ဝတ်စုံများ၊ ရဲတပ်ဖွဲ့သုံးလက်နက်များ၊ မှတ်တမ်းဓာတ်ပုံများ၊ ပြည်ပနိုင်ငံများမှပေးပို့သည့် အမှတ်တရပစ္စည်းများ၊ သင်တန်းကျောင်းစာကြည့်တိုက်၊ ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်)တို့အားကြည့်ရှုစစ်ဆေးပြီး အိမ်ထောင်သည်လိုင်းခန်းအတွင်းရှိ ရဲမေများအားရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်