ဆီးဂိမ်းစ်မှာ မြန်မာနဲ့ အဖွင့်ပွဲဆုံမယ့် ဖိလစ်ပိုင်အသင်း အာရှခြေစစ်ပွဲဝင်အသင်းကို အခြေခံလာမယ်
၂၀၂၅ ဆီးဂိမ်စ်ဘောလုံးပြိုင်ပွဲမှာ မြန်မာ ယူ-၂၂အသင်းနဲ့ အုပ်စုအဖွင့်ပွဲတွေ့ ဆုံမယ့် ဖိလစ်ပိုင် ယူ-၂၂အသင်းဟာ ၂၀၂၆ အာရှဖလား ယူ-၂၃ ပြိုင်ပွဲခြေစစ်ပွဲဝင်အသင်းကို အခြေခံဖွဲ့စည်းလာမှာဖြစ်ကြောင်း သိရပါတယ်။
ဖိလစ်ပိုင်ဘောလုံးအဖွဲ့ချုပ် (PFF) ဟာ ၂၀၂၆ အာရှဖလား ယူ-၂၃ ပြိုင်ပွဲခြေစစ်ပွဲနဲ့ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲတို့အတွက် ရည်ရွယ်ပြီး ပြီးခဲ့တဲ့သြဂုတ်လအတွင်းက အသက် (၄၂) နှစ်ရှိ စပိန်နိုင်ငံသားနည်းပြ မိုက်ကယ်မာတီနက်ဇ်အယ်ဗာရက်ဇ်ကို တာဝန်ပေးခန့်အပ်ထားပါတယ်။
စပိန်နိုင်ငံသားနည်းပြ မိုက်ကယ်မာတီနက်ဇ်ဟာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ပရိုလိုင်စင် ရရှိ ထားသူဖြစ်ပါတယ်။
စပိန်နိုင်ငံသားနည်းပြ မိုက်ကယ်မာတီနက်ဇ်လက်ထက်မှာ ဖိလစ်ပိုင် ယူ-၂၂ အသင်းဟာ ၂၀၂၆ အာရှဖလား ယူ-၂၃ ပြိုင်ပွဲခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အုပ်စုတွင်း သုံးပွဲကစား၊ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် ခြောက်မှတ်နဲ့ ခြေစစ်ပွဲမအောင်ခဲ့ပါဘူး။
ဖိလစ်ပိုင် ယူ-၂၂ အသင်းဟာ အုပ်စုတွင်းမှာ တာဂျစ်ကစ္စတန်အသင်းကို (၁-ဝ) ဂိုး၊ နီပေါအသင်းကို (၄-ဝ) ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး ဆီးရီးယားအသင်းကို (၁-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။
ဖိလစ်ပိုင် ယူ-၂၂ အသင်းကို အမေရိကန်၊ အင်္ဂလန်၊ စပိန်၊ ဂျာမနီ၊ ဂျပန်၊ ထိုင်းနိုင်ငံတို့မှာ သွားရောက်ကစားနေတဲ့ ပြည်ပထွက်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားကြောင်း သိရပါတယ်။
ဖိလစ်ပိုင် ယူ-၂၂ အသင်းဟာ ပြည်ပထွက်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတာကြောင့် ၂၀၂၆ အာရှဖလား ယူ-၂၃ ပြိုင်ပွဲခြေစစ်ပွဲပြီးကတည်းက နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားထားခြင်းမရှိသေးကြောင်း သိရပါတယ်။