ဖြစ်နိုင်ပါက ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူလိုတယ်လို့ ဒေကို ပြောကြား
ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ ဒေကိုက ဖြစ်နိုင်ပါက ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ မန်ယူအသင်းက အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပြီး ရာသီကုန်မှာ ယူရို(၃၅)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။
ဒါပေမဲ့ ဘာစီလိုနာအသင်းက ဘဏ္ဍာရေးပြဿနာရှိနေတာကြောင့် ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူမလားဆိုတာ မသေချာသေးပါဘူး။
ရပ်ရှ်ဖို့ဒ်(၂၈ နှစ်)ဟာ မန်ယူအသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပြီး နည်းပြ အာမိုရင်မ်လက်ထက် အသင်းမှာရုန်းကန်လာရတာကြောင့် အငှားထွက်ကစားရတဲ့အခြေအနေကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းမှာ ရပ်ရှ်ဖို့ဒ် ရုန်းကန်ခဲ့ရတာဟာ အသင်းက ပြန်လည်တည်ဆောက်မှု ပြုလုပ်ရတဲ့အချိန်မှာ တောင်းဆိုမှုအခံရဆုံး ဦးဆောင်ကစားသမားတစ်ယောက် ဖြစ်နေတာကြောင့်လို့လည်း ဒေကိုက သုံးသပ်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းနဲ့ အနာဂတ်ကိုတော့ ''သူ ဘာစီလိုနာမှာ ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို သူသိထားပါတယ်။ သူက တိုက်စစ်သုံးနေရာစလုံးမှာ ကစားနိုင်သူဖြစ်တာကြောင့် သူ့ကို ခေါ်ယူခဲ့တာပါ။ ဖြစ်နိုင်ရင် အပြီးသတ်ခေါ်ယူချင်ပါတယ်'' လို့ ဒေကိုက ပြောကြားခဲ့ပါတယ်။