2 ရက် - ဘာသာပြန်ပါ။

အသင်းပိုင်ရှင်များရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိထားတယ်လို့ သောမတ်စ်ဖရန့် ယုံကြည်
====================

စပါးစ်နည်းပြသောမတ်စ်ဖရန့်က အသင်ပိုင်ရှင်များရဲ့ ထောက်ခံအားပေးမှု အပြည့်အဝ ရရှိထားတယ်လို့ ယုံကြည်ကြောင်း ပြောကြားလာပါတယ်။
စပါးစ်ဟာ ဇွန်လတွင် ဘရက်ဖို့ဒ်မှ သောမတ်စ်ဖရန့်ရောက်လာပြီးနောက် ပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲအဖြစ် ဘန်လေနှင့် အဖွင့်ပွဲတစ်ပွဲတည်းသာ အနိုင်ရထားပါတယ်။
၎င်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ အပြီးတွင် ၁၈ မှတ်တည်းသာ ရရှိကာ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး ပရိသတ်များရဲ့ ဝေဖန်မှုများ ကြုံနေရပါတယ်။
ဒါပေမယ့် ကလပ်ပိုင်ရှင်များရဲ့ ထောက်ခံအားပေးမှု အပြည့်အဝ ရရှိသလားလို့ မေးမြန်းလာချိန်မှာတော့ ဒိန်းမတ်လူမျိုးနည်းပြက "ဟုတ်ပါတယ်။ အရမ်းယုံကြည်တယ်။ သူတို့က လူကောင်းတွေပါ။ လုပ်ငန်းကို ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိသလို ဘောလုံးနဲ့ပတ်သက်ပြီး သင်ယူနေတဲ့ ဉာဏ်ရည်မြင့်တဲ့သူတွေပါ။ ဉာဏ်ရည်မြင့်တဲ့သူတွေနဲ့ အလုပ်လုပ်နေတဲ့အခါ အောင်မြင်မှုတိုင်း ရယူနိုင်တယ်၊ အချိန်ကပဲ အောင်မြင်မှုပြသသွားမယ်လို့ ယုံကြည်နေပါတယ်"လို့ ပြောကြားသွားပါတယ်။
စပါးစ်ပရိသတ်များဟာ စနေနေ့တုန်းက ဖူလ်ဟမ်အား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ဒုတိယဂိုးပေးရမှုအတွက် အမှားကြီးပြုလုပ်ခဲ့တဲ့ စပါးစ်ဂိုးသမားဗီကာရီယိုအား လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြပါတယ်။ စပါးစ်ဟာ ဖူလ်ဟမ်ရှုံးပွဲကြောင့် ၂၀၂၅ ခုနှစ်အတွင်းတွင် အိမ်ကွင်း ၁၀ ပွဲမြောက်အရှုံးနှင့် ကြုံခဲ့ရပါတယ်။
စပါးစ်ဟာ ယနေ့ညတွင် အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ နယူးကာဆယ်အား စိန့်ဂျိမ်းစ်ပါ့ခ်သို့ သွားရောက်ကာ ရင်ဆိုင်ကစားရပါမယ်။
ဆက်လက်ပြီး ဖရန့်က "ပွဲအပြီးမှာ ပြောခဲ့ပြီးပြီ။ သူတို့ရဲ့ (ပရိသတ်)စိတ်ပျက်မှုကို နားလည်တဲ့အကြောင်းကို။ နိုင်ပွဲမရရင် စိတ်ပျက်လာမှာပဲလေ။ ဒါက သာမန်ပါ။ အထူးသဖြင့် အိမ်ကွင်းမှာ အနိုင်ရချင်ချိန်မှာ အနိုင်မရတော့ ပိုစိတ်ပျက်တာပေါ့။ အိမ်ကွင်းမှာကလည်း ဒီနှစ်မှာတင်မက အနိုင်မရတာ ကြာပြီလေ။ ဒီတော့ ပိုပြီးတော့ စိတ်ပျက်ရတာပေါ့။ ပရိသတ်မရှိရင် ကျွန်တော်တို့မှာလည်း ဘာမှ မရှိပါဘူး။ ပရိသတ်မရှိဘဲ ဘယ်ကလပ်မှ မရပ်တည်နိုင်ပါဘူး။ စပါးစ်ဟာလည်း အရမ်းကောင်းတဲ့ ပရိသတ်တွေ မရှိရင် ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ အပြန်အလှန်လိုအပ်တယ်။ ပွဲတွေအတွင်းမှာ ကျွန်တော်တို့ အပြန်အလှန်လိုအပ်တယ်။ ပွဲတွေအတွင်းမှာ ခံတပ်တစ်ခု တည်ဆောက်လိုတယ်။ ခံတပ်တစ်ခု တည်ဆောက်ချင်ရင် ပရိသတ်၊ အသင်းနဲ့ ကျွန်တော့်အကြား စည်းလုံးဖို့ လိုတယ်။ ကျွန်တော့်အလုပ်က ခြေစွမ်းပြနိုင်အောင် တတ်နိုင်သမျှ လုပ်ဖို့ပါ။ ဒါပေမယ့် အတူတကွ လုပ်နိုင်လား။ ဒီနေရာက ကစားဖို့ ခက်ခဲတဲ့ နေရာအဖြစ် ဖန်တီးရမယ့်နေရာပါ"လို့ ပြောကြားသွားပါတယ်။

image