ရလဒ်နှင့် ခြေစွမ်း ချက်ချင်း တိုးတက်မှု မရှိလာပါက အလွန်ဆိုကို ရီးရဲလ်မက်ဒရစ် ထုတ်ပယ်လာမည်
====================

ရီးရဲလ်မက်ဒရစ်ရဲ့ ဖိအားအောက်သို့ ကျရောက်နေတဲ့ ဇာဘီအလွန်ဆိုဟာ ရလဒ်နှင့် ခြေစွမ်းပိုင်း ချက်ချင်း တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိပါက ထုတ်ပယ်ခြင်းခံရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ တနင်္ဂနွေနေ့တုန်းက ဂီရိုနာနှင့် ပွဲတွင် တစ်ဂိုးစီသရေကျကာ အလွန်ဆိုလက်အောက်တွင် ဆက်လက် ရုန်းကန်နေခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ နောက်ဆုံးလာလီဂါပွဲ ၃ ပွဲဆက် သရေကျထားပါတယ်။
တဖက်တွင် ရီးရဲလ်မက်ဒရစ်ဟာ ကြားရက်တုန်းက ဂရိတွင် ကစားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ အိုလံပီယာကို့စ်အား ၄-၃ ဖြင့် အနိုင်ရခဲ့ပါတယ်။
ယနေ့တွင် The Athletic က အလွန်ဆိုဟာ ရလဒ်ဆက်တိုက် ဆိုးရွားနေမှုနှင့်အတူ ဖိအားများအောက်သို့ ကျရောက်နေပြီး ရလဒ်ပိုင်း တိုးတက်လာခြင်း မရှိပါက ထုတ်ပယ်ခြင်းခံလာရတော့မယ်လို့ ဖော်ပြလာပါတယ်။
တဖက်တွင် ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများဟာ အလွန်ဆိုလက်အောက်တွင် အသင်းရဲ ကစားပုံ ဆိုးရွားနေမှုအပေါ်တွင်လည် စိတ်ပျက်လျက်ရှိပါတယ်။
ရီးရဲလ်မက်ဒရစ်တာဝန်ရှိသူများဟာ တန်းမဆင်းရရေး တိုက်ပွဲဝင်နေတဲ့ အလာဗက်စ်နှင့်ပွဲတွင် ခြေစွမ်းပိုင်း အားရစရာ မရှိတဲ့အပြင် သရေရလဒ်သာ ရယူနိုင်မှုအပေါ် အကြီးအကျယ် စိတ်ပျက်နေကြပါတယ်။
ဒါကြောင့်လည်း ၎င်းတို့ဟာ လာမယ့်ပွဲစဉ်များ ရလဒ်အပေါ် မူတည်ပြီး အလွန်ဆိုရဲ့ အနာဂတ်ကို ဆုံးဖြတ်ရန် အလေးအနက်ထား စဉ်းစားထားကြပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အလွန်ဆိုလက်အောက် ရာသီအစ အဖွင့်ပွဲ ၁၁ ပွဲတွင် ၁၀ ပွဲအထိ နိုင်ပွဲ ရရှိကာ တာထွက်ကောင်းခဲ့ပါတယ်။
ဒါပေမယ့် ဗီနီရှပ်စ်အား ပွဲချိန်ပြည့်မကစားစေမှု၊ အရန်ခုံတွင် ထိုင်ခိုင်းထားမှုအပါအဝင် ကစားသမားအချို့နှင့် အဆင်မပြေဖြစ်ကာ အဝတ်အစားလဲခန်းအတွင်း နှစ်ခြမ်းကွဲတဲ့အထိ အလွန်ဆို လက်အောက်တွင် စည်းလုံးခြင်း ပျက်ပြားနေပါတယ်။
ဒါ့အပြင် ကစားသမားများမှာ အလွန်ဆိုရဲ့ နည်းဗျူဟာနှင့် ဖီလော်ဆိုဖီက လွတ်လပ်စွာ ကစားခွင့် ဆုံးရှုံးစေတယ်လို့လည်း ယုံကြည်နေကြပါတယ်။
တဖက်တွင် အလွန်ဆိုဟာ ကိုင်လီယန်ဘက်ပေး၊ ဗီနီရှပ်စ်ဂျူနီယာနှင့် ဂျူ့ဘယ်လင်ဂမ်တို့အား အတွဲကစားစေခိုင်းတိုင်း အသင်းကို ဟန်ချက်ညီအောင် လုပ်ဆောင်ထားနိုင်ခြင်း မရှိပါဘူး။
El Partidazo de COPE က အလွန်ဆိုလက်အောက်တွင် မပျော်မရွှင် ဖြစ်နေပြီး ဆန့်ကျင်နေသူများအဖြစ် ဖီဒီဗယ်ဗာဒီ၊ ဗီနီရှပ်စ်၊ ရိုဒရီဂို၊ ဘရာဟမ်ဒီယာ့ဇ်၊ အန်းဒရစ်နှင့် ဖာလန်းမန်ဒီတို့ ရှိနေကြောင်း သိရပါတယ်။
အလွန်ဆိုရဲ့ ရီးရဲလ်မက်ဒရစ်ဟာ ထိပ်ဆုံးမှ ဘာစီလိုနာနှင့် တစ်မှတ်ကွာဟကာ လာလီဂါအမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

image