စင်ကာပူမှာ မူးစ်ဆေးဝါးမှုနဲ့ လူသုံးယောက်ကို ကြိုးပေးကွပ်မျက်
စင်ကာပူနိုင်ငံမှာ မူးယစ်ဆေးဝါးပြစ်မှုတွေအတွက် လူသုံးယောက်ကို ပြီးခဲ့တဲ့အပတ်က ကြိုးပေးကွပ်မျက်ခဲ့ပြီး ယခုနှစ်အတွင်း စုစုပေါင်း ၁၇ ယောက်အထိ ကွပ်မျက်ခဲ့ကာ ၂၀၀၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ပါတယ်။
လူသုံးယောက်ကို ကြိုးပေးကွပ်မျက်မှုဟာ မူးယစ်ဆေးဝါးပြစ်မှုတွေအတွက် သေဒဏ်ကို ဆန့်ကျင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စိန်ခေါ်မှုတရပ်ကို ကြားနာဖို့ တပတ်အလိုမှာ ဖြစ်ပွားခဲ့တာပါ။ စင်ကာပူနိုင်ငံဟာ ကမ္ဘာ့အပြင်းထန်ဆုံး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအချို့ရှိတဲ့ အရှေ့တောင်အာရှနိုင်ငံတနိုင်ငံဖြစ်ပါတယ်။
နိုင်ငံတွင်းမှာ ဒိုင်ယာမော်ဖင်း ၁၅ ဂရမ်၊ ကိုကင်း ၃၀ ဂရမ်၊ မက်သာဖက်တမင်း ၂၅၀ ဂရမ်နဲ့ ဆေးခြောက် ၅၀၀ ဂရမ်ထက်ပို ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း အပါအဝင် မှောင်ခိုရောင်းဝယ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူ ဘယ်သူမဆို သေဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးမှုတွေမှာ စင်ကာပူရဲ့ မဖြစ်မနေ သေဒဏ်ပေးခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအရ ဥပဒေရဲ့ တန်းတူကာကွယ်မှုကို ချိုးဖောက်တာလို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စိန်ခေါ်မှုကို တင်သွင်းခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ခုနစ်ယောက်ကဆိုပါတယ်။
စင်ကာပူရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးကြောင့် အစိုးရဟာ ကမ္ဘာ့ဇာတ်ခုံမှာ အထီးကျန်ဆန်လာနေပါပြီး မူးယစ်ဆေးဝါး ပြစ်မှုတွေအတွက် လူတွေကို ကွပ်မျက်နေဆဲ နိုင်ငံအနည်းငယ်ထဲက တနိုင်ငံဖြစ်တယ်လို့ ဒေသခံ တက်ကြွလှုပ်ရှားသူအဖွဲ့ Transformative Justice Collective က ထောက်ပြခဲ့ပါတယ်။
စင်ကာပူအစိုးရကတော့ သေဒဏ်ကို ဖယ်ရှားလိုက်တာဟာ ပိုပြီးဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒီထဲမှာ ပိုပြီးပြင်းထန်တဲ့ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ သေဆုံးမှုတွေ၊ အပြစ်မဲ့ ကလေးငယ်တွေ သေဆုံးမှုတွေ ပါဝင်တယ်လို့ ပြည်ထဲရေးဝန်ကြီး K Shanmugam က ဒီနှစ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့မှာ ကွပ်မျက်ခံရသူတွေထဲမှာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ ညမှာ မလေးရှားကနေ စင်ကာပူကို ဟီးရိုးအင်းလို့လည်း လူသိများတဲ့ diamorphine ၃၀၁.၆ ဂရမ် သယ်ဆောင်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တဲ့ ထောက်ပံ့ပို့ဆောင်ရေး ယာဉ်မောင်း Saminathan Selvaraju လည်း ပါဝင်ပါတယ်။