ဗလက္ကာယပြုကျင့်ရန် ကြိုးပမ်းမှုဖြင့် အင်္ဂလန်နှင့် ပရီးမီးယားလိဂ်စတားဟောင်း ဖမ်းဆီးခြင်းခံရ
=======================
အင်္ဂလန်နှင့် ပရီးမီးယားလိဂ်ကစားသမားဟောင်းတစ်ဦးဟာ အမျိုးသမီးတစ်ဦးကို ဗလက္ကာယပြုကျင့်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခြင်းခံလာရပါတယ်။
၂၀၁၀ ခုနှစ်များတုန်းက အင်္ဂလန်အတွက် ကစားခွင့်ရခဲ့တဲ့ ကစားသမားဟောင်းဟာ ချစ်သူဟောင်းကို ဗလက္ကာယပြုကျင့်ရန် ကြိုးပမ်းမှု သံသယမှုဖြင့် စတန်စတက်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဥပဒေကြောင်းအရ အမည်ဖော်ပြနိုင်ခြင်းမရှိတဲ့ ကစားသမားဟောင်းဟာ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာပါတယ်။
သူဟာ ချစ်သူဟောင်းရဲ့ တိုင်ချက်ဖွင့်ခြင်းခံရပြီးနောက် တနင်္ဂနွေနေညတုန်းက နိုင်ငံခြားခရီးစဉ်မှ အပြန် စတန်းစတက်လေယာဉ်တွင် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ချစ်သူဟောင်းဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ခန့်ကတည်းက တိုင်ချက်ဖွင့်လှစ်ထားတာ ဖြစ်ပြီး အက်စ်ဆက်စ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။
သူမက ယင်းကစားသမားနှင့် ချစ်ကြိုက်နေစဉ်အတွင်း ဗလက္ကာယပြုကျင့်ရန် ကြိုးပမ်းခြင်းခံခဲ့ရကြောင်း တိုင်ချက်ဖွင့်ထားတာပါ။
အက်စ်ဆက်စ်ရဲတပ်ဖွဲ့ဝင်များဟာ စတန်းစတက်လေဆိပ်တွင် ယင်းကစားသမားဟောင်းကို ဖမ်းဆီးပြီးနောက် ရဲစခန်းသို့ ခေါ်ဆောင်ကာ လက်ဗွေရာ၊ DNA နမူနာများနှင့် ဓာတ်ပုံတို့ ရိုက်ကူးမှု ပြုလုပ်ရယူခဲ့ပါတယ်။
သံသယဝင်ခြင်းခံရသူဟာ ရဲစခန်းတွင် နာရီအတန်ကြာ စစ်ဆေးမေးမြန်းမှုများ ခံခဲ့ရပြီးနောက် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ယင်းကစားသမားဟောင်းဟာ မကြာသေးမီတုန်းက အရပ်ဘက်ပွဲများသို့ တက်ရောက်ခဲ့ရာ လေဆိပ်ဖမ်းဆီးခံရမှုတွင် အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
တစ်ဖက်တွင် အမှုဖွင့်လှစ်ထားသူ အမျိုးသမီးကိုလည်း လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု စပါယ်ရှယ်လစ်များက အင်တာဗျူးပြုလုပ်ခြင်း၊ ထောက်ပံ့ကူညီခြင်းတို့ ပြုလုပ်ထားပါတယ်။