ရည်ညွှန်းဈေးအပေါ် အခွန် ၃ ရာခိုင်နှုန်းအပါအဝင်
ထိုက်သင့်တဲ့နှုန်းထားတစ်ခု ထည့်ပေါင်း၍ ရွှေဆိုင်များအား ရောင်းချခွင့်ပြုထား
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ရန်ကုန်မြို့အတွင်းရှိ ရွှေဆိုင်များအား အရောင်းအဝယ် ပြုလုပ်ရာတွင် ရည်ညွှန်းဈေးအပေါ် အခွန် ၃ ရာခိုင်နှုန်းအပါအဝင် ထိုက်သင့်သည့်နှုန်းထားတစ်ခု ထည့်ပေါင်းရောင်းချခွင့်ပြုထားကြောင်း သိရသည်။
ယင်းအပြင် သတ်မှတ်ဈေးနှုန်းနှင့် ရောင်းချခြင်းရှိ/မရှိကို လစဉ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး သတ်မှတ် စည်းကမ်းများအတိုင်း ရောင်းချမှုမရှိပါက တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရွှေဆိုင်များအနေဖြင့် အရောင်းအဝယ်ပြုလုပ်ရာတွင် ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထားသည့် ရည်ညွှန်းဈေးအပေါ် အခွန် ၃ ရာခိုင်နှုန်း၊ ဝန်ထမ်းစရိတ်များနှင့်အထွေထွေကုန်ကျစရိတ်များကို ထိုက်သင့်သည့်နှုန်းထားတစ်ခု ထည့်ပေါင်းရောင်းချရန် ခွင့်ပြုထားကြောင်း သိရသည်။
ရွှေဆိုင်များကို လစဉ်စစ်ဆေးရာ၌ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးစာရင်းစစ်ဆေးရေးအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များနှင့် စစ်ဆေးခြင်းဖြစ်ပြီး လက်ရှိတွင် ရွှေဆိုင်တချို့က ရည်ညွှန်းဈေးအတိုင်း ရောင်းချနေသော်လည်း အချို့ဆိုင်များမှာ စည်းကမ်းဖောက်ဖျက်မှုများ ရှိနေခြင်းကြောင့် တိုင်ကြားခြင်းများရှိလာပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။