CHID Bank အနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း အမြတ်ငွေ ၉၄ ရာခိုင်နှုန်း တိုးတက်ရရှိဟု ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ပြောကြား

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID)အနေဖြင့် ဘဏ္ဍာရေးစွမ်းဆောင်ရည်၌ အမြတ်ငွေများကို ယခင်ဘဏ္ဍာနှစ်ထက် (၉၄ )ရာခိုင်နှုန်း တိုးတက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာ (၃၀)ရက်က ကျင်းပပြုလုပ်သည့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID) ၏ (၁၂) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးသို့တွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း‌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းသည် ဒါရိုက်တာအဖွဲ့ဝင်များ၊ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဘဏ္ဍာရေးစွမ်းဆောင်ရည်တွင် အမြတ်ငွေများ ယခင်နှစ်ထက် တိုးတက်ခဲ့ကြောင်း၊ Final Indicators များ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တွေ့ရှိရပြီး စီမံခန့်ခွဲမှုအပိုင်းတွင် ISO 9001 : 2015 Quality Management System အသိမှတ်ပြုလက်မှတ်ကို ပထမဦးဆုံးရယူနိုင်ခဲ့သည့် ဘဏ်တစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာတွေ့မြင်ရသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး Regulatory Bodies များ၊ အစိုးရအဖွဲ့အစည်းများ၊ ဆောက်လုပ်ရေးကဏ္ဍ၊ အိမ်ရာကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ယခုထက်ပိုမို၍ ပူးပေါင်းဆောင်ရွက်သွားရန်ရှိကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း CHID ဘဏ်ကြီးတိုးတက်အောင်မြင်ရေးအတွက် မူဝါဒနှင့်အညီ အဘက်ဘက်မှ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါ နှစ်ပတ်လည်အထွေ‌ထွေအစည်းအဝေးသို့ CHID Bank နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ CHID Bank ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘဏ်အစုရှယ်ယာရှင်များ၊ စာရင်းစစ်အဖွဲ့မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဘဏ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

image