မဲစာရင်း မှန်ကန်ရေးအတွက် တွံတေးမြို့နယ်တွင် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး
ယခုလအတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် သက်ဆိုင်သည့် အာဏာပိုင်အဖွဲ့အစည်းများက မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးပေးလျက် ရှိသည်။
ယင်းသို့စစ်ဆေးပေးရာတွင် တွံတေးမြို့နယ်၊ အိုးဘိုအရှေ့ရပ်ကွက်၊ အိုးဘိုအနောက်ရပ်ကွက်နှင့် ရှမ်းစုကျေးရွာတို့တွင်မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရေး (Door to Door) အိမ်တိုင်ရာရောက် စစ်ဆေးခြင်းများလည်း ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
ထို့အတူ ကျွန်းတောရပ်ကွက်နှင့် အိုးဘိုအရှေ့ရပ်ကွက်တို့တွင် မဲစာရင်းမှန်ကန်စေရေး၊ မဲစာရင်းတွင် မပါသင့်သူများ မပါဝင်စေရေးနှင့် ပါသင့်သူများ မကျန်စေရေး အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်ဟုလည်း သိရသည်။
လက်ရှိ၌ ဒုတိယအကြိမ် မဲစာရင်း နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ကပ်ထားကြေညာမည်ဖြစ်ကာ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်း၌ မပါဝင်ပါက ပုံစံ (၃) ဖြင့် အမည်ထည့် သွင်းပေးဖို့ တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများ ဆောင်ရွက်ရန်လိုမည်လည်း ဖြစ်သည်။