ပေါ်ဆန်းစပါးကို ညအချိန် အလင်းရောင်ပေးခြင်းနည်းပညာဖြင့် စိုက်ပျိုးနိုင်ရန် စမ်းသပ်သုတေသနပြုဟုဆို

ရာသီပေါ်ဆန်း စပါးပျိုးခင်းအသက်ခုနစ်ရက်သားမှ ၂၅ ရက်သားအတွင်း ညအချိန် အလင်းရောင် ပေးခြင်း (Night-Break) နည်းပညာဖြင့် နောက်ကျစိုက်ပျိုးနိုင်ရန် စပါးသီးနှံ သုတေသနဌာနခွဲ၊ စပါးသုတေသန ဗဟိုဌာနစိုက်ကွင်း၌ စမ်းသပ်သုတေသန ပြုဆောင်ရွက်နေကြောင်း သိရသည်။
ယင်း နည်းပညာအရ ည ၁၁ နာရီခွဲမှ ၁၂နာရီခွဲအထိ LED-100 watt အားအသုံးပြု၍ ညအချိန် အလင်းရောင်ပေးခြင်းသည် ပေါ်ဆန်းစပါးကို ရာသီချိန်ကျော်၍ စိုက်ပျိုးနိုင်ခြင်း၊ အထွက်နှုန်းတိုးခြင်းနှင့် အရည်အသွေးကောင်းမွန်ခြင်း စသည့်အကျိုးကျေးဇူးများကို မျှော်မှန်းကာဆောင်ရွက်ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။
ဤသုတေသနသည် ရာသီပေါ်ဆန်းစပါးကို ရေကျနောက်စိုက် စိုက်ပျိုးသည့်ဒေသများတွင် လွန်စွာ အသုံးဝင်မည့် စမ်းသပ်ချက်ဖြစ် ကြောင်း၊ ယခုနည်းပညာကိုဆောင်းရာသီနေ့တာတိုကာလတွင် ပန်းပွင့် ခြင်းအားနှောင့်နှေးအောင်ပြုလုပ်နိုင်မည့်အတွက် ပေါ်ဆန်းစပါးကိုသာမန်စိုက်ပျိုးချိန်ထက် နောက်ကျ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အဆိုပါ စိုက်ကွင်းသို့ နိုဝင်ဘ ၂၉ရက်က သွားရောက်ကြည့်ရှုစဉ်ပြောသည်။
ယခုနည်းစနစ်သည် စပါးပင်၏ ပင်ပိုင်းကြီးထွားမှုဘ၀ (Vegetative Phase)ကို ပိုရှည်စေသည့်အတွက် ပင်ပိုင်းကြီးထွားမှုပိုကောင်းလာပြီး သာမန်စိုက်ပျိုးချိန်ကဲ့သို့ပင် သီးပွင့်၍အထွက်တိုးစိုက်စနစ် ကျင့်သုံး စိုက်ပျိုးနိုင်ခြင်းကြောင့်အထွက်နှုန်းမြင့်တက်လာမည်ဖြစ်ကာ ရနံ့အရည် အသွေး(2AP)ကိုလည်းကောင်း စွာထိန်းသိမ်းနိုင်မည်ဖြစ်၍ သုတေသီများအနေဖြင့် အလေးထားစောင့်ကြည့်ဆောင်ရွက်ကြရန်နှင့် တွေ့ရှိချက်ခိုင်မာစေရန် အကြိမ်များများ စမ်းသပ်ရန် ၎င်းကတိုက်တွန်းခဲ့ကြောင်းသိရသည်။

image