ထိုင်းတွင် ကြိတ်စက်ထဲ ညပ်ပါသေဆုံးခဲ့သော မြန်မာလုပ်သားအတွက်နစ်နာကြေး ရရှိမည်

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပလတ်စတစ်စက်ရုံတွင် ဖော့ပြားများကိုကြိတ်သောစက်ထဲ ခန္ဓာကိုယ်ညပ်ပါသွားသဖြင့် သေဆုံးခဲ့သော မြန်မာအလုပ်သမားအတွက် နစ်နာကြေးဘတ် ၁၅ သိန်း ရရှိမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။
ကိုသက်ဇော်ကိုမှာ နိုဝင်ဘာ ၁၉ ရက်က စက်ရုံထဲ အလုပ်လုပ်နေရင်းဖော့ကြိတ်စက်ထဲ လူတစ်ကိုယ်လုံး ညပ်သွားကာ ခန္ဓာကိုယ်တစ်စစီ ကြိတ်မိသွားပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကိုသက်ဇော်ကို သေဆုံးမှုနှင့် ပတ်သက်၍နစ်နာကြေးများ ရရှိရေး ကူညီဆောင်ရွက်ပေးရန် ညီဖြစ်သူက WAG အဖွဲ့ထံအကူအညီ တောင်းခဲ့ကြောင်း သိရသည်။
WAG အဖွဲ့ဝင်များနှင့် မိသားစု ဝင်များ၊ စက်ရုံတာဝန်ရှိသူများက မြို့နယ်အလုပ်သမားရုံး (ကျဟာငန်) တွင် ညှိနှိုင်းစကားပြောပြီးနောက် ကိုသက်ဇော်ကိုသေဆုံးမှုအတွက် နစ်နာကြေး ဘတ် ၁၅ သိန်းပေးအပ်မည်ဟု ဆုံးဖြတ်ချက်ရရှိခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။
စက်ရုံဘက်မှ ပေးသော နစ်နာကြေး ဘတ် ၄၅၀၀၀၀ နှင့် သင်္ဂြိုဟ်စရိတ်ဘတ် ၅၀၀၀၀ ကိုလည်း လာမည့် ဒီဇင်ဘာ ၁ ရက်တွင် မိသားစုဝင်ဖြစ်သောညီဖြစ်သူက သွားရောက်ထုတ်ယူရမည်ဖြစ်ပြီး လူမှုဖူ လုံရေးရန်ပုံငွေ (ပကန်စံခွန်) ကပေးမည့် နစ်နာကြေး ဘတ် ၁၀ သိန်းကျော်ကိုမူ မိခင်ဖြစ်သူက မြန်မာ
နိုင်ငံမှ လာရောက် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

image