ဆီစက်လုပ်ငန်းချေးငွေ ပုဂ္ဂလိကဘဏ် ၁၂ ခုတွင် လျှောက်ထားနိုင်

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေလျှောက်ထားခြင်းနှင့် ပတ်သက်၍ ပုဂ္ဂလိကဘဏ် ၁၂ ခုတွင်ချေးငွေလျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ သိရသည်။
ယခင်က ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေလျှောက်ထားခြင်းကို MEB (မြန်မာ့စီးပွားရေးဘဏ်)နှင့် MADB (မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်)တို့၌သာချေးငွေယူခွင့်ပြုထားခြင်းဖြစ်ပြီး ယခုချိန်တွင် ပုဂ္ဂလိကဘဏ် ၁၂ ခုတွင်လည်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
‌ချေးငွေများအား ပုဂ္ဂလိက ဘဏ်များဖြစ်သည့် KBZ၊ AYA၊ ၊MAB၊ MCB၊ UAB နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်၊ ဧရာ၀တီ တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်၊ ရွှေ(ကျေးလက်နှင့် မြို့ပြ)ဖွံ့ဖြိုးရေးဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ခရီးသွားဘဏ်၊မြန်မာမက်ထရိုဘဏ်နှင့် သတ္တုဖွံ့ဖြိုးရေးဘဏ်တို့တွင် လျှောက်ထားချေးယူနိုင်ပြီဖြစ်သည်။
လျှောက်ထားလိုသည့် လုပ်ငန်းရှင်များအနေဖြင့် အသင်းရုံးခန်းတွင်ချေးငွေလျှောက်လွှာ ပုံစံသစ်ကို ဆက်သွယ်တောင်းယူနိုင်ပြီး သက်ဆိုင်ရာဒေသစက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနရုံးမှတစ်ဆင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ထောက်ခံချက်ဖြင့် လျှောက်ထားနိုင်မည် ဖြစ်သည်။
ထို့ပြင် အခြားဘဏ်များတွင်ချေးငွေရယူထားပြီး အပေါင်ပစ္စည်းသီးခြားမရှိသူများ အနေဖြင့်လည်း
မိမိတို့နှင့် နီးစပ်ရာ ဘဏ်များတွင်ဆီစက်ဖွံ့ဖြိုးရေး ချေးငွေခေါင်းစဉ်ဖြင့် ပြောင်းလဲလျှောက်ထား ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။
စားသုံးဆီကြိတ်ခွဲထုတ်လုပ်ရောင်းချနေသောဆီစက်များ အသစ်တည်ဆောက်ခြင်း၊အဆင့်မြှင့်တင်ခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ဘီလီယံ ၅၀ မတည်ထူထောင်ပေးခဲ့ပြီး တစ်နှစ်လျှင်အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးလျက်ရှိကြောင်းဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက သိရသည်။
ဆီစက်အကြီးများ တည်ဆောက်တပ်ဆင်ခြင်းအတွက် ငွေကျပ်သိန်း ၁၀၀၀၀ အထိ ထုတ်ချေးမည်
ဖြစ်ပြီး ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဆီစက်လုပ်ငန်း များဖွံ့ဖြိုးရေးချေးငွေ အစီအစဉ်တွင် ငွေရေးကြေးရေးအဖွဲ့အစည်း (Participating Financial Institution-PFI)အဖြစ်ပါဝင်ဆောင်ရွက်မည့် ပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ကိုလည်း နိုဝင်ဘာ၂၂ ရက်က လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

image