ဗင်နီဇွဲလား လေပိုင်နက်တစ်ခုလုံးကိုပိတ်ရန် သမ္မတဒေါ်နယ်ထရန့် ညွှန်ကြားထား

ဗင်နီဇွဲလားနိုင်ငံ အထက်နှင့်ဝန်းကျင် ဝေဟင်ပိုင်နက်ကို ပိတ်ထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နိုဝင်ဘာ ၂၉ ရက်တွင် ညွှန်ကြားထားကြောင်း သိရသည်။
လေကြောင်းလိုင်းများ၊လေယာဉ်မှူးများ၊ မူးယစ်ဆေးဝါးရောင်းချသူများနှင့် လူမှောင်ခိုကူးသူများအနေဖြင့်ဗင်နီဇွဲလားနိုင်ငံ အထက်နှင့် ပတ်ဝန်းကျင်ဝေဟင်ပိုင်နက်ကိုလုံးလုံးလျားလျား ပိတ်ထားသည်ဟုမှတ်ယူထားကြရလိမ့်မည် ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က၎င်း၏ လူမှုမီဒီယာစာမျက်နှာပေါ်တွင် သတိပေးထားသည်။
မူးယစ်ဆေးဝါးပြဿနာနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် ဗင်နီဇွဲလားတို့အကြား ဆက်ဆံ
ရေးတင်းမာနေချိန်တွင် ဗင်နီဇွဲလားဝေဟင်ပိုင်နက်ကို ပိတ်ထားရန်သမ္မတဒေါ်နယ်ထရန့်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဗင်နီဇွဲလားဝေဟင်ပိုင်နက်အား မည်သို့ပုံစံဖြင့် ပိတ်ထားမည်ကို သမ္မတဒေါ်နယ်ထရန့်က
ထုတ်ပြောခြင်းမရှိပေ။ပြီးခဲ့သည့် ရက်များအတွင်းအမေရိကန်အစိုးရသည် ဗင်နီဇွဲလား
ဝေဟင်ပိုင်နက်ကို ရှောင်ရှားရန်လေကြောင်းလိုင်းများနှင့် လေယာဉ်မှူးများအား သတိပေးထားပြီးဖြစ်သည်။
သို့ရာတွင် ဗင်နီဇွဲလား လေပိုင်နက်တစ်ခုလုံးကို ပိတ်ထားရန် သမ္မတဒေါ်နယ်ထရန့်၏ ညွှန်ကြားချက်
သည် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဗင်နီဇွဲလားဝေဟင်ကိုလေကြောင်းခရီးစဉ်များအတွက်
အန္တရာယ်ရှိနိုင်သည့် ဇုန်တစ်ခုအဖြစ်သာမက အမေရိကန်အတွက်လုံခြုံရေးခြိမ်းခြောက်မှုအဖြစ်လည်းမှတ်ယူလာသည့်သဘောကို ပြသလျက်ရှိသည်။
သမ္မတဒေါ်နယ်ထရန့်၏ ဆုံး ဖြတ်ချက်ကို ဗင်နီဇွဲလားအစိုးရက ကုလသမဂ္ဂ ပဋိညာဉ်နှင့် ဆန့်ကျင်
နေသော တစ်ဖက်သတ်လုပ်ဆောင်ချက် အဖြစ် ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး ဗင်ဂျီးလ်က ဝေဖန်ထားသည်။

image