မဲဆောက် - မြဝတီ ချစ်ကြည်ရေး အမှတ် (၁) တံတားကလွဲပြီး လှေဂိတ်အားလုံး ယာယီပိတ်မယ်

ထိုင်း - မြန်မာနယ်စပ်၊ မဲဆောက် - မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတားကလွဲပြီး လှေဂိတ်တွေ အားလုံးကို လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့အထိ ယာယီ ပိတ်ထားဖို့ ထိုင်းအာဏာပိုင်တွေက မနေ့ နိုဝင်ဘာ ၃၀ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာဘက်ခြမ်းက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို လက်နက်ကြီး ကျရောက်မှုတွေ ရှိနေတဲ့အတွက် မဲဆောက်နဲ့ မြဝတီကို ကုန်ပစ္စည်းတွေ အပြန်အလှန် သယ်ယူ ပို့ဆောင်နေတဲ့ လှေကူးဂိတ်တွေ အားလုံးကို ထိုင်းနိုင်ငံဘက်က ခေတ္တ ပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“မနေ့က မနက်ပိုင်းက မြန်မာဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံထဲ ကျတာလည်း ဖြစ်ပြီးရော ထိုင်းဘက်က လုံခြုံရေးအတွက် လှေဂိတ်တွေအကုန် ပိတ်မယ်ဆိုပြီး အသိပေးလာတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၃၀ ရက်၊ မနက်ပိုင်းက ထိုင်း- မြန်မာနယ်စပ်၊ မြဝတီမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ငါးလုံး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် နယ်စပ်ဒေသအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် မြန်မာနိုင်ငံသား လေးယောက် ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန တခုဖြစ်တဲ့ Khaosod က ဖော်ပြထားပါတယ်။
လက်ရှိမှာ ထိုင်း - မြန်မာ နယ်စပ်ဒေသဖြစ်တဲ့ မင်းလက်ပံ၊ မယ်ဝါးခီးနဲ့ အင်ကြင်းမြိုင် အနီးတဝိုက်မှာ အစိုးရတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်လုံခြုံရေး အခြေအနေအရ မဲဆောက် အပါအဝင် ဖုတ်ဖရ၊ အုန်းဖန်၊ တာ့ဆောင်ယန်နဲ့ မဲရမတ် စတဲ့ မြို့နယ် ငါးမြို့နယ်မှ ကမ်းကူးလှေဂိတ်တွေ အားလုံးကို ယာယီ ပိတ်ထားဖို့ ညွှန်ကြားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ဒီမှာက တရားမဝင် လှေဂိတ်တွေလည်း ရှိတယ်။ မှောင်ခိုပစ္စည်းတွေ အစုံပို့တယ်။ လှေဂိတ်အားလုံးကို မြန်မာဘက်က ကရင်တပ် BGF နဲ့ DKBA တို့က အခွန်ကောက်နေတာပေါ့။ အခုက တရားဝင်ရော၊ တရားမဝင်တဲ့ လှေဂိတ်တွေရော အကုန်လုံးကို ထိုင်းဘက်ကနေ ပိတ်လိုက်တာ။ ပိတ်တဲ့ရက်ကို ထပ်တိုးလာမလား၊ မတိုးနိုင်ဘူးလား ဆိုတာကတော့ ဒီဘက်က တိုက်ပွဲ အခြေအနေပေါ် မူတည်တာပေါ့။ စောင့်ကြည့်ရဦးမှာပါ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ဒါအပြင် မနေ့ နိုဝင်ဘာ ၃၀ ရက်၊ ညပိုင်းမှာပဲ မြဝတီမြို့နယ် (တောင်ဘက်)၊ မင်းလက်ပံရွာ တဖက်ကမ်း၊ ထိုင်းဘက်ခြမ်းက မဲ့ကိုကင်းရွာ အနီးတဝိုက်ကို လက်နက်ကြီးကျည် ခြောက်လုံး ထပ်မံ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ လက်နက်ကြီးကျည် ကျရောက်မှုအပြီး ထိုင်းနယ်စပ်ရှိ အထူးတပ်ဖွဲ့က သတိပေးမှုအဖြစ် ၁၂၀ မမ အမြောက် အသုံးပြုကာ မီးရူးမီးပန်းကျည်တွေနဲ့ မြန်မာဘက်ခြမ်းကို နှစ်လုံး၊ ထိုင်း - မြန်မာနယ်စပ်ကို နှစ်လုံး ပစ်ခတ်ပြီး သတိပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် လက်ရှိ မြန်မာနိုင်ငံဘက် အခြမ်းမှာ တိုက်ပွဲတွေ ရှိနေသေးတဲ့အတွက် မဲ့ကိုကင်းဒေသရှိ သောင်ရင်းမြစ်အနီး သွားလာနေသူတွေ အနေနဲ့ လက်နက်ကြီး အန္တရာယ် သတိပြုကြဖို့ ထိုင်းအာဏာပိုင်တွေက အသံချဲ့စက်တွေနဲ့ သတိပေး ကြေညာမှုတွေ ပြုလုပ်ခဲ့သလို နယ်စပ် လုံခြုံရေးကိုလည်း တိုးမြှင့်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့၊ ညနေပိုင်းကလည်း မြဝတီမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

image