ဒီဇင်ဘာလ ပထမ(၁၀)ရက်ပတ်အတွင်း ညအပူချိန်လျော့နည်းပြီး မိုးရွာသွန်းမှုဖြစ်ပေါ်နိုင်
-------------------
လာနီညာဖြစ်စဥ်ကြောင့် မြန်မာနိုင်ငံမှာဒီဇင်ဘာလ ပထမ(၁၀)ရက်ပတ်အတွင်း ဒေသတချို့မှာ ညအပူချိန်လျော့နည်းတာတွေနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့ဖြစ်စဥ်တွေ ပိုမိုဖြစ်ပေါ် လေ့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာမိုးလေဝသဌာန တွေရဲ့ သင်္ချာပုံစံပြုမော်ဒယ်လ် တွေခန့်မှန်းချက်အရ ဒီဇင်ဘာလ ပထမ(၁၀)ရက်ပတ်အတွင်း အားအနည်းငယ်ရှိတဲ့ လာနီညာအဆင့်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် လာနီညာဖြစ်စဉ်မှာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ ဖြစ်စဉ် ဖြစ် ပေမဲ့ အဲဒီ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုက ယေဘုယျအနေနဲ့ အရှေ့ဘက်က လေပွေလှိုင်း တွေတိုက်ခတ်တာ၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းတွေ ပိုမိုဖြစ်ပေါ်လာနိုင်တာ၊ ဒေသတချို့မှာ ညအပူချိန်တွေ လျော့နည်းနိုင်တာနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်တွေ ပိုမိုဖြစ်ပေါ်လာတာ စတဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။