1 ပတ် - ဘာသာပြန်ပါ။

ဒါရိုက်တာ မိုက်တီး နဲ့ သရုပ်​ဆောင် ကျော်ဝင်းထွဋ် ၊အုန်းဒိုင်းတို့ကို ရွေးကောက်ပွဲ ဥပဒေနဲ့ ထောင် ၇ နစ်ချမှတ်

ဒါရိုက်တာ မိုက်တီး နဲ့ ဟာသ သရုပ်ဆောင် အုန်းဒိုင်း ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ရွေးကောက်ပွဲ နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ရေး ဥပဒေပုဒ်မ ၂၃(က)အရ တယောက်ကို ထောင်ဒဏ် ၇ နှစ်စီ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သိပါတယ် ။
ဟာသ သရုပ်ဆောင် အုန်းဒိုင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တောင်ဒဂုံတရားရုံးက အမိန့်ချခဲ့တာ ဖြစ်ပြီး ဒါရိုက်တာ မိုက်တီးကို နိုဝင်ဘာ ၂၇ ရက်မှာ ရန်ကင်း တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ကြောင်း ၊သရုပ်ဆောင် ကျော်ဝင်းထွဋ်ကို တော့ နိုဝင်ဘာ ၂၈ ရက်မှာ ဗဟန်းမြို့နယ် တရားရုံးက အမိန့်ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
" ထောင် ၇ နှစ်ချခံရတယ် ကြားလို့ စိတ်မကောင်းပါဘူး ။ ဟာသ ဇာတ်လမ်းတိုတွေ ပြန်လုပ်မယ်ဆိုတော့မှ ခုလိုဖြစ်သွားတာ ဆိုတော့လေ ။ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်တယ်လို့ သူတို့ယူဆရင် အဖမ်းခံရမှာ ဆိုတာ သက်သေပဲ ။ အဲဒီတော့ ကိုယ့်ကို အန္တရာယ်ဖြစ်စေမယ့် စာအရေးအသားတွေ ရေးမတင်ဖို့ ကျွန်တော်ကတော့ အကြံပြုချင်တယ် ။ " လို့ ဟာသ သရုပ်ဆောင် တယောက်က မှတ်ချက်ပြု ပြောပါတယ် ။
အစိုးရမှ ရိုက်ကူးထုတ်လွှင့် ပြသခဲ့တဲ့ ရွေးကောက်ပွဲ အသိပညာပေး ဇာတ်ကားဖြစ်တဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ မိုက်တီး နဲ့ သရုပ်ဆောင် နှစ်ယောက်က ဝေဖန်ခဲ့တာကြောင့် အောက်တိုဘာ ၂၇ ရက်နေ့မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး ခုလို ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ခုဆိုရင် ရွေးကောက်ပွဲ ဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရသူတွေထဲကမှ ထောင်ဒဏ်ချမှတ်ခံရသူ ရှစ်ယောက် အထိရှိလာ နေပြီဖြစ်ပါတယ်။
နိုဝင်ဘာ ၁၉ ရက်က ဆိုရင် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)အရ ရန်ကုန်တိုင်း ၊ လှိုင်သာယာအနောက် မြို့နယ် နဲ့ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် တရားရုံးက အသက် ၂၃ နှစ် အရွယ် ကိုရန်နိုင်ကြည်ဝင်း နဲ့ အသက် ၂၄ နှစ် အရွယ် ကိုအောင်ရဲထွဋ်တို့ကို ထောင်ဒဏ် ၄၉ နှစ်စီချမှတ်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မယမင်းထက် ကို ထောင်ဒဏ် ၄၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ် ။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာလည်း နိုဝင်ဘာ ၁၉ ရက်မှာပဲ အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့်ကို မော်လမြိုင် ခရိုင်တရားရုံးက
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆ (က)/၂၄ (က) အရ ထောင်ဒဏ် ၁၇ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲဥပဒေနဲ့ ပထမဆုံး စတင် အရေးယူခံခဲ့ရတဲ့ ရှမ်းပြည်နယ် ၊ တောင်ကြီးမြိုမှ အသက် ၃၆ နှစ်အရွယ် ကိုနေသွေး ဆိုသူကိုတော့ စက်တင်ဘာ ၉ ရက်မှာ တောင်ကြီးမြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ခုနစ်နှစ် အမိန့်ချမှတ်မှု ရှိခဲ့ပါတယ်။
လက်ရှိမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် လုပ်ဆောင်မှုကြောင့် ဖမ်းဆီး၊ အရေးယူခံရသူကတော့ အယောက် ၁၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကိုတော့ အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမှာဖြစ်ပြီး အပိုင်း ၁ အဖြစ် ပထမဆုံးအကြိမ်ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ စတင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

image
image
image