ဗီလာနှင့် ယူရိုပါလိဂ်ပွဲတွင် ပွဲကြည့်စင်ပြဿနာမှာ ပါဝင်ခဲ့တဲ့ ယန်းဘွိုင်းစ်ပရိသတ် ၈ ဦး ဖမ်းဆီးခံခဲ့ရ
=====================
ယန်းဘွိုင်းစ် ပရိသတ် ၈ ဦးတို့ဟာ ကြာသပတေးနေ့တုန်းက အက်စတွန်ဗီလာအား ၂-၁ ဖြင့် အရေးနိမ့်တဲ့ ယူရိုပါလိဂ်ပွဲစဉ်တွင် ပွဲကြည့်စင်မှာ ပြဿနာရှာမှုအတွက် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
အနောက်အလယ်ပိုင်းရဲတပ်ဖွဲ့က ယင်းပရိသတ်များထဲမှ ၂ ဦးမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ရုန်းရင်းဆန်ခတ်လုပ်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု သံသယမှုတို့ဖြင့် ဖမ်းဆီးထားခြင်းဖြစ်ပြီး ကျန် ၆ ဦးကိုလည်း ယင်းပြစ်မှုဖြင့်ပင် လေဆိပ်တွင် ဖမ်းဆီးခဲ့ကြောင်း ဆိုထားပါတယ်။
ဗီလာတို့ အနိုင်ရတဲ့ ယင်းပွဲစဉ်တွင် ဒတ်ချ်တောင်ပံကစားသမားမာလန်ဟာ ပွဲချိန် ၂၇ မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူပြီးနောက် ယန်းဘွိုင်းစ်ပရိသတ်များရှိရာ ပွဲကြည့်စင်သို့ သွားရောက် အောင်ပွဲခံစဉ် ပရိသတ်များရဲ့ အရာဝတ္ထုပစ္စည်းများဖြင့် ပစ်ပေါက်ခံခဲ့ရပြီး ခေါင်းပေါက်သွားခဲ့ပါတယ်။ ယင်းဖြစ်စဉ်အတွင်း မော်ဂန်ရိုဂျာလည်း ပစ္စည်းထိမှန်ခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့ခြင်း မရှိပါဘူး။
မာလန်ဟာ ပွဲ ၄၂ မိနစ်တွင် ဗီလာအတွက် ဒုတိယဂိုးသွင်းယူလာချိန်မှာလည်း ယန်းဘွိုင်းစ်ပရိသတ်ရှေ့သို့ သွားရောက်ကာပင် အောင်ပွဲခံခဲ့ပါတယ်။ ယခုတစ်ကြိမ်မှာတော့ ယန်းဘွိုင်းစ်ပရိသတ်များနှင့် ရှေ့တွင် တားဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင်တို့အကြားတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ ယင်းရုန်းရင်းဆန်ခတ်မှုတွင် ပါဝင်တဲ့ ပရိသတ် ၂ ဦးကို သောကြာနေ့ နံနက်ပိုင်းတုန်းက ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ကျန် ၂ ဦးကို နိုင်ငံမှ ထွက်ခွာရန် ကြိုးပမ်းစဉ် လေဆိပ်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်များဟာ စီစီတီဗွီရုပ်သံမှတ်တမ်းများကို စစ်ဆေးကြည့်ရှုပြီး ၎င်းတို့အား ဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။