ပြိုင်ဘက်ကစားသမားရဲ့မွေးရာပါ အားနည်းချက်ကို လှောင်ပြောင်မှုအတွက် ကလပ်ရဲ့ ဒဏ်ရိုက်ခြင်းခံလာရတဲ့ ဗစ်တာအက်ဗတ်ဆင်
=================
ဗစ်တာအက်ဗတ်ဆင်ဟာ ပြိုင်ဘက်အသင်း ကစားသမားအန်ဂျီလိုစတဲလ်လာကို လှောင်ပြောင်မှုအတွက် Go Ahead Eagles ရဲ့ အရေးယူခြင်းခံလာရပါတယ်။
Go Ahead Eagles ဟာ ကြာသပတေးနေ့တုန်းက ယူရိုပါလိဂ်တွင် အိမ်ကွင်းမှာ စတုဂတ်ကို ၄-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် အဆိုပါပွဲစဉ်တွင် Go Ahead Eagles တိုက်စစ်မှူးအက်ဗတ်ဆင်နှင့် စတုဂတ်ကစားသမားစတဲလ်လာတို့အကြား မတော်တဆမှုဖြစ်မှုကြောင့် လူစိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။
ယင်းပွဲစဉ်ရဲ့ ဒုတိယပိုင်းတွင် အက်ဗတ်ဆင်နှင့် စတဲလ်လာတို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
အက်ဗတ်ဆင်ဟာ အလာကန်ာရာဇော်ကို ပြစ်ဒဏ်ကျူးလွန်ပြီးနောက် မွေးရာပါ နှုတ်ခမ်းကွဲနေတဲ့ စတဲလ်လာရဲ့ အားနည်းချက်အား နှုတ်အားဖြင့် အမှုအယာအားဖြင့် လှောင်ပြောင်ခဲ့ပါတယ်။
စတဲလ်လာဟာ သူ့အားနည်းချက်ကို လှောင်ပြောင်တဲ့ အက်ဗတ်ဆင်အား အကြီးအကျယ်ဒေါသထွက်ခဲ့တာ တွေ့ရပြီး ဒိုင်လူကြီးက ကြားဝင် ဖြေဖျန်ခဲ့ပါတယ်။
ပွဲအပြီးတွင် အက်ဗတ်ဆင်ဟာ သူ့ရဲ့ အငြင်းပွားဖွယ်အပြုအမူအတွက် တောင်းပန်မှု ပြုလုပ်ရန် ငြင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် Go Ahead Eagles ဟာ ပြိုင်ဘက်ကစားသမားရဲ့ မွေးရာပါ အားနည်းချက်ကို လှောင်ပြောင်တဲ့ အက်ဗတ်ဆင်အား ယူရို ၅၀၀ ဒဏ်ရိုက်မှု ပြုလုပ်လာပါတယ်။
ဒါ့အပြင် အက်ဗတ်ဆင်ဟာလည်း သူ့ရဲ့ အပြုအမူအတွက် တောင်းပန်မှု ပြုလုပ်လာပါတယ်။
အက်ဗတ်ဆင်က "မနေ့က အပြုအမူအတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့အကြား ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က ကွင်းထဲမှာ မဖြစ်သင့်ဘူး။ ပွဲအပြီး စတုဂတ်အဝတ်အစားလဲခန်းသို သွားပြီး တောင်းပန်ခဲ့တယ်။ ကျုပ်က အခြားသူတွေအတွက် စံပြဖြစ်ရပါမယ်။ ကျွန်တော့်အနေနဲ့ လူကြီးလူကောင်းလို ပြုမူရပါမယ်"လို ပြောကြားသွားပါတယ်။
အက်ဗတ်ဆင်ဟာ ပြိုင်ဘက်ကစားသမားရဲ့ မွေးရာပါ အားနည်းချက်အား လှောင်ပြောင်မှုအတွက် ဘောလုံးဝေဖန်ရေးသမားများ၊ မီဒီယာများရဲ့ အပြင်းအထန် ဝေဖန်ခြင်းခံခဲ့ရပါတယ်။