ဒဏ်ရာရဟန်ဆောင်ကာ ဗျူဟာညွန်ကြားပို့ချခဲ့တဲ့ မန်စီးတီးကို လိဒ်နည်းပြဒါနီရယ်ဖာကီ ပေါက်ကွဲ
====================
ဒါနီရယ်ဖာကီက စနေနေ့တုန်းက အီတီဟတ်ပွဲစဉ်တွင် မန်စီးတီးမှာ ဂိုးသမားဂီယန်လူဂီဒွန်နာရမ်မာကို ဒဏ်ရာရဟန်ဆောင်စေပြီး စည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲ ပြောကြားလာပါတယ်။
မန်စီးတီးဟာ မနေ့ညတုန်းက လိဒ်နှင့်ပွဲတွင် ဖီးလ်ဖိုဒန်၊ ဂျို့စ်ကိုဂဗာဒီယောတို့ရဲ့ ဂိုးတွေဖြင့် ပထမပိုင်းမှာ ၂-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းတွင် ဗျူဟာပိုင်း၊ ကစားကွက်ပိုင်း အပြောင်းအလဲ ပြုလုပ်လာတဲ့ လိဒ်ကို မန်စီးတီးနှင့် မယှဉ်နိုင်ဘဲ ဒိုမီနစ်ကယ်ဗတ်လီဝင်း၊ လူးကပ်စ်အန်မီချာတို့ရဲ့ ဂိုးတွေဖြင့် ချေပဂိုးရခဲ့ပါတယ်။
ကယ်ဗတ်လီဝင်းက ချေပဂိုးသွင်းလာပြီးချိန်တွင် ဒွန်နာရမ်မာ ဒဏ်ရာကြောင့် ကွင်းအတွင်း ဆေးကုသမှု ခံယူနေစဉ်အတွင်း ဂွါဒီယိုလာဟာ လိဒ်ရဲ့ ၃-၅-၂ ကစားကွက်ကို ခုခံကာကွယ်နိုင်ရေးအတွက် ကစားသမားများကို နည်းဗျူဟာပိုင်း ပို့ချမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
ယင်းနောက် အချိန်ပို ၉၁ မိနစ်မှာ ဖီးလ်ဖိုဒန်က မန်စီးတီးအတွက် အဖိုးတန်အနိုင်ဂိုးအား သွင်းယူသွားခဲ့ပါတယ်။
ဖာကီက "ဘာလို့ သူ လဲကျသွားလဲဆိုတာ လူတိုင်း သိတယ်။ အရှင်းကြီးတော့ မဟုတ်ဘူး။ သူက လဲကျဖို့က စီစဉ်ထားပြီးသား။ စည်းမျဉ်းထဲမှာပဲလေ။ ပါးနပ်တယ်။ ဒါကို ကြိုက်လား၊ မျှတလားဆိုတော့ အာဏာပိုင်တွေပဲ အဖြေရှာရမယ်။ စတုတ္ထဒိုင်ဆီသွားပြီး တခုခု လုပ်ချင်လားလို့ မေးခဲ့တယ်။ ကျွန်တော်တို့လက်တွေ ချည်နှောင်ခံထားရတယ်။ ကစားသမားတွေကို မျှတစွာကစားဖို့ အားကစားစိတ်ဓာတ်ပီသဖို့ သင်ကြားစေလိုတယ်ဆိုရင် ဒဏ်ရာရဟန်ဆောင်ပြီး အသင်းကို စကားပြောနေတာ လုပ်သင့်လား။ ဒါမျိုး ပုဂ္ဂိုလ်ရေးအရ မကြိုက်ပါဘူး။ ဒါပေမယ့် ဒါက စည်းမျဉ်းအတွင်းမှာပဲဆိုတော့ စောဒကတက်လို့ မရပါဘူး"လို့ ပြောကြားသွားပါတယ်။
လိဒ်ဟာ မန်စီးတီးရှုံးပွဲကြောင့် နောက်ဆုံးပရီးမီးယားလိဂ် ၇ ပွဲတွင် ၆ ပွဲမြောက် အရှုံးနှင့် ကြုံတွေ့လာပြီး အဆင့် ၁၈ နေရာမှာ ရပ်တည်လာပါတယ်။
မန်စီးတီးအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့ ဖီးလ်ဖိုဒန်ကလည်း ဒွန်နာရမ်မာ ဒဏ်ရာကြောင့် ဆေးကုသမှု ခံယူနေစဉ် ၂ မိနစ်အတွင်း ဂွါဒီယိုလာရဲ ပို့ချညွှန်ကြားမှုကြောင့် ပွဲအဖြေ အပြောင်းအလဲ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံသွားပါတယ်။
ဖိုဒန်က "ခေတ္တအနားရခဲ့တယ်။ နည်းပြက ကျွန်တော်တို့ကို စုစည်းပြီး သူတို့စနစ်(လိဒ်)မှာ ဟန်ချက်ညီအောင် ဘယ်လို ကစားရမလဲ ညွှန်ကြားတယ်။ ကျွန်တော်တို့ အခွင့်အရေးတချို့ ရတယ်။ နောက်ဆုံး နေရာလွတ်တွေ့တယ်။ ဂိုးသွင်းခဲ့တယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ပွဲကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာ သူတို့ စနစ်ပြောင်းလာတယ်။ အနိမ့်အမြင့်အတက်အကျ ရှိလာတယ်။ ဘာဖြစ်လာမလဲ မသိတဲ့ ကာလရောက်လာတယ်။ ကျွန်တော်တို့ ပိုကောင်းလာနိုင်ပါသေးတယ်။ ရလဒ်အတွက် ဝမ်းသာတယ်။ ယုံကြည်မှုနဲ့ စည်းလုံးမှုက အားလုံးကို ဖြတ်ကျော်နိုင်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
ဂွါဒီယိုလာရဲ့မန်စီးတီးဟာ အင်္ဂါနေ့မှာ ဖူလ်ဟမ်ကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။