လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဘာစီလိုနာ လွဲပြောင်းရယူလာ
==================
ဘာစီလိုနာဟာ အသစ်စက်စက် ကွင်းသစ်နူးကမ့်တွင် အလာဗက်စ်ကို နောက်ကလိုက်ကစားပြီး ၃-၁ ဖြင့် အနိုင်ယူကာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ တက်လှမ်းလာပါတယ်။
ဘာစီလိုနာဟာ ပွဲအစ ၁ မိနစ်မှာပင် အလာဗက်စ်အလယ်တန်းကစားသမားပါဘလိုအိုင်ဘာနက်ဇ်ရဲ့ အနီးကပ်သွင်းယူတဲ့ဂိုးကြောင့် အံ့ဩသင့်ဖွယ် နောက်ကလိုက်ကစားခဲ့ရပါတယ်။ အိုင်ဘာနက်ဇ်ဟာ လာလီဂါပွဲရာပြည့်မှာ ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ၇ မိနစ်အကြာမှာ လာမိန်းယာမဲလ်က ရောဘတ်လီဝန်ဒေါ့စကီးရဲ့ ဖြတ်တင်ဘောကနေ အပြင်းကန်ပြီး ဘာစီလိုနာအတွက် ချေပဂိုးသွင်းလာပါတယ်။
ယင်းနောက် ပွဲချိန် ၂၆ မိနစ်တွင် အိုလ်မိုက ရာဖင်ညာရဲ့ ခင်းပေးမှုကနေ ဘာစီလိုနာအတွက် အနိုင်ဂိုးသွင်းယူခဲ့ပြီး အချိန်ပိုတွင် ယာမဲလ်ရဲ့ ဖန်တီးမှုကနေ အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်ကို ၂ မှတ်ဖြတ်ပြီး လာလီဂါကို ဦးဆောင်လာပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့ ယနေ့ည ဂီရိုနာနှင့်ပွဲမှာ နိုင်ပွဲရမယ်ဆိုရင် လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်လွဲပြောင်းရယူလာပါမယ်။
ဘာစီလိုနာဟာ ယခုနိုင်ပွဲကြောင့် လာလီဂါ ၃၄ ပွဲဆက်(၉၁ ဂိုး) ဂိုးသွင်းထားနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တုန်းက ဗယ်ဗာဒီလက်ထက် ၃၇ ပွဲဆက် (၉၉ ဂိုး) ဂိုးသွင်းနိုင်ပြီးနောက် အကောင်းဆုံး ဆက်တိုက်ဂိုးသွင်းနိုင်မှုမှတ်တမ်း ရရှိထားပါတယ်။
ဘာစီလိုနာဟာ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ အင်္ဂါနေ့မှာ အက်သလက်တီကိုအား ထပ်မံ ဧည့်ခံကစားရပါမယ်။