ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၄၃ လုံးကို ထပ်မံချိပ်ပိတ်
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၄၃ လုံးကို ထပ်မံချိပ်ပိတ်ခဲ့ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြဝတီ-မဲထော်သလေး(KK Park)နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများကို အပိုင်း(၃)ပိုင်းခွဲ၍ စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၈ ရက်တွင် အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ခုနစ်လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် အပိုင်း(၃)နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက် နိုဝင်ဘာ ၂၈ ရက်အထိ ၁၁၅ လုံး ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၂၆၃ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၈ ရက်တွင်လည်း ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ လူနေအဆောက်အအုံများ၊ ဂိုဒေါင်များ၊ ဈေးဆိုင်ခန်းများ၊ ဟိုတယ်များနှင့် ကေတီဗွီများဖြစ်သော တစ်ထပ် အဆောက်အအုံ ၁၄ လုံး၊ ၂ ထပ် အဆောက်အအုံ ၄၂ လုံး၊ ၃ ထပ်အဆောက်အအုံ ၁၀၃ လုံး၊ ၄ ထပ်အဆောက်အအုံ ၆၃ လုံး၊ ၅ ထပ်အဆောက်အအုံ ၈ လုံး၊ ၇ ထပ်အဆောက်အအုံ တစ်လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၂၃၁ လုံး တို့ကိုထပ်မံစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသူများကိုတွေ့ရှိရခြင်းမရှိဘဲ လက်ကိုင်ဖုန်းနှင့်အသုံးအဆောင်ပစ္စည်းများကို တစ်ပါတည်းဖြုတ်သိမ်းယူဆောင်သွားခဲ့ကြောင်း သိရသည်။