ဓနဥစ္စာခွန်ကောက်ခံရေး ဥပဒေကြမ်း ဆွစ်ဇာလန်လွှတ်တော် မဲခွဲမည်
ချမ်းသာကြွယ်၀သူများထံမှဥစ္စာဓနခွန်ကောက်ခံရန် အဆိုပြုထားသော ဥပဒေကြမ်းတစ်ရပ်ကိုဆွစ်ဇာလန်လွှတ်တော်က နိုဝင်ဘာ၃၀ ရက်တွင် မဲခွဲမည်ဖြစ်ကြောင်းသိရသည်။
အထက်ပါ ဥပဒေကြမ်းကိုကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများထဲတွင်ပါဝင်သည့် ဆွစ်ဇာလန်အနေဖြင့် ဓနဥစ္စာပြန်လည်ခွဲဝေရေး အစီအစဉ်နှင့်ပတ်သက်၍ မည်မျှအာသီသရှိသည်ကို မှတ်ကျောက်တင်ပေးမည်ဖြစ်သည်။
လက်ဝဲဝါဒီဆိုရှယ်ဒီမိုကရက်လွှတ်တော်အမတ်များ တင်သွင်းထားသည့် အဆိုပါဥပဒေကြမ်းတွင် ဆွစ်ဖရန့်ငွေ သန်း ၅၀ (အမေရိကန်ဒေါ်လာ ၆၂ သန်း) အထက် အမွေခံရရှိထားသူများထံမှ ဓနဥစ္စာခွန် ၅၀ရာခိုင်နှုန်းကောက်ခံရန် အဆိုပြုထားသည်။
ကောက်ခံရရှိသည့် အထက်ပါအခွန်များကို ရာသီဥတုပြောင်းလဲမှုပြဿနာ အကျိုးသက်ရောက်မှုလျှော့ချရေးစီမံကိန်းများတွင် အသုံးပြုရန်လည်း အထက်ပါဥပဒေကြမ်း၌ အဆိုပြုထားသည်။
ဆွစ်ဇာလန် အခွန်ထမ်းပြည်သူများအနက် ၂၅၀၀ ခန့်မှာ ဆွစ်ဖရန့်ငွေ သန်း ၅၀ အထက် ပိုင်ဆိုင်မှုရှိသူများဖြစ်ကြပြီး ၎င်းတို့အားလုံး၏ စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုးမှာ ဆွစ်ဖရန့်ငွေ ဘီလီယံ ၅၀၀ ခန့်အထိရှိကြောင်းဆွစ်ဇာလန်တာဝန်ရှိသူများ၏ အဆိုအရသိရသည်။
မကြာသေးမီ ကာလများအတွင်း ပြုလုပ်ခဲ့သော လူထုသဘောထားစစ်တမ်း ကောက်ခံချက်ရလဒ်
များအရ စစ်တမ်းတွင်ပါဝင်သူ သုံးပုံနှစ်ပုံတို့က ဓနဥစ္စာခွန်ကောက်ခံရေးဥပဒေကြမ်းကို ကန့်ကွက်ထားကြသည်။
ဆွစ်ဇာလန်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဗဟိုချက်ဖြစ်သည်။