ဝက်တုပ်ကွေးကြောင့် စပိန်မှ ဝက်သားတင်သွင်းမှု ဗြိတိန် ယာယီရပ်ဆိုင်း
--------------------------
ဗြိတိန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က စပိန်ကနေ ဝက်သားတင်သွင်းမှုကို ယာယီရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်လိုက်တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။
ဆယ်စုနှစ် သုံးခုကျော်အတွင်း ပထမဆုံးအကြိမ် အာဖရိက ဝက်တုပ်ကွေးဖြစ်ပွားမှုကို အတည်ပြုပြီးနောက် ဗြိတိန်ဟာ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဗြိတိန်ဟာ စပိန်ကနေ ဝက်သား တင်သွင်းနေတဲ့ အဓိကဖောက်သည် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။
မက်ဒရစ်ရှိ အာဏာပိုင်တွေကလည်း ဝက်မွေးမြူရေး အဓိက ဒေသဖြစ်တဲ့ ကက်တလိုးနီးယားမှာ အရေးပေါ် အစီအမံတွေ စတင်လိုက်ချိန်မှာ အခုလို လှုပ်ရှားမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
“စပိန်မှာ အာဖရိကဝက်တုပ်ကွေးဖြစ်ပွားမှု အပြီး စပိန်ကနေ လတ်ဆတ် ဝက်သားနဲ့ အခြားထိခိုက်ခဲ့တဲ့ ထုတ်ကုန် အားလုံးကို နောက်ထပ်အကြောင်းကြားချက် မရမချင်း နယ်စပ်ထိန်းချုပ်ရေးစခန်းတွေမှာ သိမ်းဆည်း ထားမှာ ဖြစ်တယ်လို့” ဗြိတိန်ပတ်ဝန်းကျင်ဌာန (DEFRA) က ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။