22 ပတ် - ဘာသာပြန်ပါ။

ရွေးကောက်ပွဲအပိုင်း (၁) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီအချိန် နောက်ဆုံးထား၍ ဖြုတ်သိမ်းပေးရမည်ဖြစ်ကြောင်း UEC ထုတ်ပြန်

ရွေးကောက်ပွဲအပိုင်း (၁) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီအချိန် နောက်ဆုံးထား၍ ဖြုတ်သိမ်းပေးရမည်ဖြစ်ကြောင်း UEC က နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်စာရင်းကို သြဂုတ် ၂၀ ရက်တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့် လည်းကောင်း၊ အပိုင်း(၂) တွင် ပါဝင်သည့် မြို့နယ် ၁၀၀ မြို့နယ်စာရင်းကို အောက်တိုဘာ ၂၈ ရက်တွင် ကြေညာချက်အမှတ် (၁၄၁/၂၀၂၅) ဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်(မြို့နယ်) ၅၆ မြို့နယ် စာရင်းကို စက်တင်ဘာ ၁၄ ရက်တွင် ကြေညာချက်အမှတ် (၁၀၃/၂၀၂၅) ဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ( အောက်တိုဘာ ၂၈ ရက် နံနက် ၆ နာရီမှ ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီအထိ ) ခွင့်ပြုကြောင်းကို အောက်တိုဘာ ၁၅ ရက်တွင် ကြေညာချက်အမှတ် (၁၃၄/၂၀၂၅) ဖြင့်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူလူထု အနေဖြင့် နိုင်ငံရေးပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးအား လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ၅၆ မြို့နယ်မှအပ ကျန်တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များအားလုံးတွင် ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီအချိန်မှ ၂၈ ရက် ရွေးကောက်ပွဲ ကျင်းပပြီးသည်အထိ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားထားရမည်ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း (၁) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီအချိန် နောက်ဆုံးထား၍ ဖြုတ်သိမ်းပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရွေးကောက်ပွဲအပိုင်း (၂) တွင်ပါဝင်သည့် မြို့နယ်များအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကို နိုဝင်ဘာ ၂၉ ရက်မှစ၍ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၂၀၂၆ ခုနစ် ဇန်နဝါရီ ၉ ရက် ည ၁၂ နာရီအချိန်မှ ၁၁ ရက် အပိုင်း (၂) ရွေးကောက်ပွဲကျင်းပပြီးသည်အထိ ရပ်နားထားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အပိုင်း (၂) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို ၂၀၂၆ ခုနစ် ဇန်နဝါရီ ၉ ရက် ည ၁၂ နာရီအချိန် နောက်ဆုံးထား၍ ဖြုတ်သိမ်းရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အပိုင်း(၃) အတွက် သတ်မှတ်ရက်များအား ဆက်လက်ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
မဲဆွယ်စည်းရုံးခွင့်သတ်မှတ်ကာလအတွင်း လက်ကမ်းစာစောင်များ ရေးသားပုံနှိပ် ထုတ်ဝေဖြန့်ချိခြင်း၊ ကြော်ငြာဆိုင်းဘုတ်များ၊ ဗွီနိုင်းပိုစတာများစိုက်ထူချိတ်ဆွဲခြင်း၊ စုဝေး ဟောပြောခွင့်နှင့် မီဒီယာများမှမဲဆွယ်စည်းရုံးခွင့်တို့ကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၀-က နှင့် နည်းဥပဒေ အခန်း (၁၀) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် ဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို အပိုင်းလိုက် မဲဆွယ်စည်းရုံးခွင့်ပြုထားသည့် နောက်ဆုံးရက်များတွင် ဖြုတ်သိမ်းပေးရမည်ဖြစ်ကြောင်း သိရသည်။
သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများ ဖြုတ်သိမ်းထားခြင်း မရှိပါက မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ သို့မဟုတ် မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့် ညှိနှိုင်း၍ ကြော်ငြာ၊ ပိုစတာများအား ဖြုတ်သိမ်းသွားစေမည်ဖြစ်ကြောင်း၊ ယင်းသို့ ကြော်ငြာ၊ ပိုစတာ ဖြုတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရသည့် ကုန်ကျစရိတ်ကျသင့်ငွေအား သက်ဆိုင်ရာနိုင်ငံရေးပါတီတစ်ခုခု သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပြန်လည်ပေးချေရန် တာဝန်ရှိမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

image