အောင်ပန်းမှာ ရပ်ထားတဲ့ ဖောကားကို အိမ်စီးကားက နောက်ကနေဝင်တိုက်မိပြီး သုံးယောက်သေ၊ တယောက် ဒဏ်ရာရရှိ
ရှမ်းပြည်နယ် ၊ကလောမြို့နယ် ၊ အောင်ပန်းမြို့ ၊ မင်္ဂလာရပ်ကွက်၊ ပျားမွေးမြူရေးခြံရှေ့အနီး၊ပြည်ထောင်စုလမ်းမကြီးပေါ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့၊ ည ၇ နာရီလောက်က ရပ်ထားတဲ့ကားကို အိမ်စီးကားက နောက်ကနေ ဝင်တိုက်မိပြီး သုံးယောက်သေဆုံးကာ တယောက်ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ကူညီရေး လုပ်ဆောင်ခဲ့သူတွေ ဆီကသိရပါတယ်။
ဖြစ်စဥ်မှာ ကားပျက်လို့ လမ်းဘေးချရပ်ထားပြီး ပြင်နေတဲ့ ဖောကားကို Mark -X ကားက အရှိန်များပြီး နောက်ကနေ ဝင်တိုက်ခဲ့တာဖြစ်ကြောင်း ၊ ယာဥ်တိုက်မှုကြောင့် အိမ်စီးကားပေါ်လိုက်ပါလာသူထဲက အမျိုးသားသုံးယောက်က နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
"သူတို့က အရှိန်ကလည်းပါတော့ ရပ်ထားတဲ့ ကားကို နောက်ကနေ ဝင်တိုက်လိုက်တာ ။ ရပ်ထားတဲ့ ကားကတော့ လမ်းဘေးကိုတော့ လုံးဝအလွတ်ကြီးရပ်ထားတာတွေ့ရတယ်။ ကားက ဂီယာတန်းတွေ ဘာတွေအကုန်ဖြုတ်ထားပြီး ပြင်နေတာမျိုးတွေ့ရတယ်။ ဖောကားအမြင့်ကြီးပါ။လမ်းနဲ့တော့အလွတ်ကြီးဗျ။ အဲဒါကို သူတို့က အဲဒီလမ်းကြောင်းထဲကို ဝင်သွားတာ။ ထိခိုက်တဲ့သူက နည်းနည်းစိုးရိမ်ရတယ်။ ခေါင်းလည်းထိတယ်။ခါးရိုးထိတယ်။ အောက်ပိုင်းလှုပ်လို့ မရဘူးလည်းပြောတယ်။ သူတို့အကုန်လုံးက ရွာဘက်က အလုပ်သမားတွေ သိရတယ် ။ " လို့ အောင်ပန်းနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ပြောပြပါတယ်။
သေဆုံးသူတွေက အသက် ၃၀ ကျော်အရွယ် အမျိုးသားတွေ ဖြစ်ပြီး အောင်ပန်းမြို့ ၊ ပင်မှီရွာက ကိုအောင်နိုင် ၊ ကိုလှဆောင် နဲ့ ကိုရွှေအိုး ဆိုသူတို့ဖြစ်ကြောင်း ထိခိုက်ဒဏ်ရာရသူကတော့ ကိုရွှေစိုး ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
ယာဥ်တိုက်မှုအတွင်း သေဆုံးသူ ရုပ်အလောင်းတွေကို အောင်ပန်းဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူကိုတော့ အောင်ပန်းဆေးရုံမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုပေးပြီး အဲဒီကမှ တဆင့် ကလောမြို့နယ် ပြည်သူ့ဆေးရုံကို ထပ်မံပို့ဆောင်ထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနဲ့ မကွေ ကျေးရွာကြား ၊ မိုင်တိုင်အမှတ် (၅၆/၆)မှာ ဖြိုးရတနာအောင် ခရီးသည်တင် ကား တိမ်းမှောက်ပြီး လူသုံးယောက်သေဆုံးကာ ၁၄ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
နိုဝင်ဘာ ၂ ရက်နေ့ ၊ ညနေပိုင်းကလည်းရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့နယ် ၊ ကျိုင်းတုံ - တောင်ကြီးလမ်းရှိ စပါယ်ရှယ်တောင် အဆင်းမှာ ကားတစီး တိမ်းမှောက်ပြီး လူနှစ်ယောက်သေဆုံးကာ ခုနှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။