တက္ကသီလဟိတဓရစုံညီပွဲတော် ဩဝါဒခံယူပွဲ ကျင်းပ
---------------------------------
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) တက္ကသီလဟိတဓရစုံညီပွဲတော် ဆရာတော်မထေရ်မြတ်တို့ ထံမှ ဩဝါဒခံယူပွဲကို နိုဝင်ဘာလ(၂၈)ရက် မနက်ပိုင်းက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပပါတယ်။
အခမ်းအနားစတင်ရာမှာ တက္ကသီလဟိတဓရအဖွဲ့ တပည့်ကြီးငယ်တွေက ကြွရောက်တော်မူလာတဲ့ ဆရာတော် မထေရ်မြတ်ကြီးတွေကို ဩကာသကန်တော့ချိုးနဲ့ ရှိခိုးပူဇော်ကန်တော့ကြပါတယ်။
အဲဒီနောက် အင်းစိန်ရွာမဆရာတော်ကြီး၊ အလယ်တောရဆရာတော်ကြီး၊ မဟာသွံဿာရဆရာတော်ကြီး၊ ယုဇန မဟာဂန္ဓာရုံဆရာတော်ကြီး၊ ပါမောက္ခချုပ်ဆရာတော်ကြီးတို့ထံမှ ဩဝါဒကထာ နာယူကြပါတယ်။
စုံညီပွဲတော်မှာ ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ကျောင်းရဲ့ ကျောင်းသားဟောင်းသံဃာတွေ စုပေါင်း တွေ့ဆုံကြပြီး နယ်စပ်ဒေသမှာ သာသနာပြုနေကြတဲ့ ဆရာတော်တွေပါရှိသလို နိုင်ငံတွေ အသီးသီးမှာ သာသနာ ပြုနေကြတဲ့ ဆရာတော်တွေလည်း ကြွရောက်ကြတဲ့အတွက် ဝမ်းသာပီတိဖြစ်ရတယ်လို့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)က ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။
အခမ်းအနားမှာ ဆရာတော်မထေရ်မြတ်ကြီးတို့ကို လှူဖွယ်ဝတ္ထုတွေ ဆက်ကပ်လှူဒါန်းပြီး သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ သုံးကြိမ်ရွတ်ဆိုပူဇော်ပြီး ဣမံပုညဘာဂံ သဗ္ဗသတ္တာနံဒေမ သုံးကြိမ်ရွတ်ဆို အမျှပေးဝေကြပါတယ်။
အဲဒီနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။