ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းနောင်မြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသား ရှစ်ဦးကို လုပ်ငန်းသုံးပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသား ရှစ်ဦးကို လုပ်ငန်းသုံးပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ နိုဝင်ဘာ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၄ ရက်တွင် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၏ အရှေ့တောင်ဘက် နောင်တောက်ကျေးရွာ၏ အနောက်မြောက်ဘက်နေရာတစ်ဝိုက်သို့ ရောက်ရှိစဉ် မသင်္ကာဖွယ်ရာ အဆောက်အအုံများကို တွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေး လိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်နေသည့်နေရာဖြစ်ကြောင်း တွေ့ရှိရပြီး လုပ်ငန်းလုပ်ကိုင်နေကြသူများကို မတွေ့ ရှိရဘဲ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ ရှိ ယာယီလူနေမိုးကာတဲ ငါးလုံး၊ အလျား ၂၀ ပေ၊ အနံ ၁၀ ပေ ရှိ ယာယီလူနေမိုးကာတဲ ခြောက်လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ ယာယီလူနေမိုးကာတဲ ခုနစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေ ရှိ ရေကန်သုံးလုံး၊ ဝက်ခြံငါးခြံ၊ ကင်းတဲရှစ်လုံး၊ စားဖိုဆောင် ၂ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၁၅ဝ လုံး၊ မှန်တင်ခုံကြီးတစ်လုံး၊ သစ်သားခုံ ၅ ခုံ၊ မော်နီတာနှစ်လုံးနှင့် STARLINK တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။