မိုင်းနောင်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်သူ ၃၄ ဦးကို လက်နက်များနှင့် ဖမ်းမိ
------------------------------------------

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီးမှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၆ ယောက် နဲ့ မြန်မာနိုင်ငံသား ၈ ယောက်တို့ကို ဆက်စပ်ပစ္စည်းတွေ၊ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။
မိုင်းနောင်မြို့ရဲ့အရှေ့တောင်ဘက် နောင်တောက်ကျေးရွာရဲ့ အနောက်မြောက်ဘက် နေရာတစ်ဝိုက်ကို နိုဝင်ဘာ ၂၄ ရက်က လုံခြုံရေးတပ်ဖွဲ့တွေ ရောက်ရှိစဉ် မသင်္ကာဖွယ်ရာ အဆောက်အအုံတွေကို တွေ့ရှိတဲ့အတွက် ဝင် ရောက် ရှာဖွေ စစ်ဆေးခဲ့ရာ ယာယီလူနေမိုးကာတဲ ၁၈ လုံး၊ STARLINK ၁ လုံး နဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒိနောက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နယ်မြေလုံခြုံရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်စဉ် နိုဝင်ဘာ ၂၅ ရက်မှာ မိုင်းနောင်မြို့ရဲ့အရှေ့တောင်ဘက် ကောင်းဟိုင်းကျေးရွာအနီးမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ယာယီ အဆောက်အအုံတွေ နဲ့ လုပ်ငန်းဆက်စပ်ပစ္စည်းတွေ လန်ခရူဇာမော်တော်ယာဉ် တစ်စီးတို့ကို ထပ်မံ တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၂၆ ရက်မှာ မိုင်းနောင်မြို့ရဲ့ အရှေ့တောင်ဘက် ဝမ်ကျောင်းကျေးရွာအနီးမှာ အွန်လိုင်းလိမ် လည်မှု နဲ့ လောင်းကစားလုပ်ငန်းဆောင်ရွက်ဖို့ ဆောက်လုပ်နေတဲ့ အဆောက်အအုံတွေ၊သွပ်မိုးတဲတွေ ဂိုထောင် တွေကို တွေ့ရှိခဲ့သလို မိုင်းနောင်မြို့ရဲ့ အရှေ့တောင်ဘက် နောင်တောက်ကျေးရွာရဲ့ တောင်ဘက်နေရာတစ်ဝိုက်ကို ထပ်မံ ရှင်းလင်းရာမှာလည်း အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေ လုပ်ကိုင်နေကြသူတွေ ဖြစ်တဲ့ တရုတ်နိုင်ငံသား ၂၆ ယောက် နဲ့ မြန်မာနိုင်ငံသား ၈ ယောက်တို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းမိသူတွေရဲ့ ဖော်ထုတ်ချက်တွေအရ နောင်တောက်ကျေးရွာအနီးမှာ သိုဝှက်သိမ်းဆည်းထားတဲ့ သေနတ် ၅ လက် နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေ၊ ယာယီလူနေအဆောက်အအုံတွေ၊ နေရာထိုင်ခင်းတွေကို မီးရှို့ဖျက် ဆီးခဲ့ပြီး ဖမ်းမိသူတွေ နဲ့ ပါဝင်ပတ်သက်သူတွေကို စနစ်တကျ စိစစ်ဖော်ထုတ်ကာ တရားဥပဒေနဲ့အညီ တရားစွဲဆို အရေးယူ ဆောင်ရွက်နိုင်ရေး နဲ့ ပြည်ပနိုင်ငံသားတွေကို လူသားချင်း စာနာထောက်ထားမှု နဲ့ နိုင်ငံအချင်းချင်း ချစ် ကြည်ရင်းနှီးမှုတို့ကို ရှေးရှုပြီး သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

image