ဖမ်းမိသည့်နိုင်ငံခြားသားများကို ထိန်းသိမ်းထားရမှု အင်မတန်တာဝန်ကြီး
----------------------
အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို နှိမ်နင်းရာကနေ ဖမ်းဆီးထိန်းသိမ်းရမိတဲ့ နိုင်ငံခြားသားတွေရဲ့ စားစရိတ်အတွက် နိုင်ငံတော်က ကျပ်သိန်းပေါင်း တစ်သောင်း သုံးထောင်ကျော် သုံးစွဲကုန်ကျခဲ့ပြီး ထိန်းသိမ်းထား ရမှုကလည်း အင်မတန်တာဝန်ကြီးတယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းအပါအဝင် ဒုစရိုက်လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသား တွေကို ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြည်နှင်လွှဲပြောင်းနေရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်ကနေ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်အထိ နိုင်ငံပေါင်း (၅၂)နိုင်ငံက နိုင်ငံခြားသား အယောက် (၆၈၀၀၀) ကျော်ကို လွှဲပြောင်းပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထိန်းသိမ်းရမိတဲ့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံရဲ့ အစိုးရတွေ လာမခေါ်မချင်း သူတို့ကို ထိန်းသိမ်းထား ရတဲ့ တာဝန်က အင်မတန်ကြီးပြီး တစ်နေ့တာ လိုအပ်တဲ့ အစားအစာအပြင် သောက်ရေ၊ သုံးရေကအစ ဝတ်စရာ နဲ့အိပ်ရာအဆုံး အားလုံးကို နိုင်ငံတော်က ဖြည့်ဆည်းပေးရတာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါ တယ်။
အဲဒါကြောင့် သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံသားတွေကို အမြန်ဆုံး လာရောက်ခေါ်ဆောင်ပေးကြဖို့ကို လည်း ပြောကြားလိုပါတယ်။ မြဝတီဒေသမှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းတွေနဲ့ ဒုစရိုက်လုပ်ငန်း တွေ ပြန်လည်အခြေမချနိုင်စေဖို့အတွက် တရားမဝင် ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကို အပြီးတိုင် ဖြိုချ ဖျက်ဆီး ရှင်းလင်းတာတွေ ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အဲဒီအပြင် အမေရိကန်နိုင်ငံက သူတို့နိုင်ငံသားတွေကို အွန်လိုင်းလိမ်လည်မှုကနေ ကာကွယ်ဖို့အတွက် Scam Center Strike Force (SCSF) ဖွဲ့ပြီး ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သလို အောက်လွှတ်တော်မှာလည်း မြန်မာ့အရေး ဆွေးနွေးမှုတွေ ပြုလုပ်ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှု နှိမ်နင်းရေး ကိစ္စတွေကို ဝင်ရောက် စွက်ဖက်ဖို့ ပြောဆိုနေတာကလည်း ပွဲလန့်တုန်း ဖျာခင်းတဲ့ ကိစ္စလို့ မြင်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်အနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းတွေကို စတင်ခြေရာခံမိတဲ့ အချိန်ကစလို့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ရှာဖွေဖော်ထုတ်ဖမ်းဆီးတာတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေ သလို ဒေသတွင်း နိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံတစ်ဝန်း နေရာအနှံ့အပြားမှာ စစ်ဆင်ရေး တစ်ရပ်သဖွယ် နှိမ်နင်းနေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။