မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ် ကျင်းပ
--------------

မြန်မာ-ဘယ်လရုစ် နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံကုန်သည်၊ စက်မှုအသင်းတွေဖြစ်ကြတဲ့ UMFCCI နဲ့ BelCCI တို့ပူးပေါင်းပြီး မြန်မာ-ဘယ်လာရုစ် စီးပွားရေး ဖိုရမ်ကို နိုဝင်ဘာလ ၂၇ ရက် မနက်ပိုင်းက ရန်ကုန်မြို့ရှိ LOTTE ဟိုတယ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားကို မြန်မာနိုင်ငံက ပြည်ထောင်စုဝန်ကြီးတွေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌတို့နဲ့ ဘယ်လာရုစ်နိုင်ငံဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံ၊ နိုင်ငံပိုင်အသေးစားစက်မှုလုပ်ငန်းဥက္ကဋ္ဌ၊ စိုက်ပျိုးရေးဝန်ကြီး၊ စက်မှုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံရုံးက သံအမတ်ကြီးနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက အဆင့်မြင့်အရာရှိကြီးတွေ၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဖိုရမ်မှာ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က အကြီးအကဲတွေရဲ့ မဟာဗျူဟာ မြောက် လမ်းညွှန်ချက်နဲ့ ပူးပေါင်ဆောင်ရွက်မှုတွေ၊ မြန်မာ-ဘယ်လာရုစ် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈)ဆိုင်ရာ ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဘောင်တွေ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မဲ့ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေနဲ့ EAEU ဈေးကွက်ကို ချိတ်ဆက်နိုင်မဲ့ အခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘဏ်နဲ့ငွေကြေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးအခြေခံစက်မှုကုန်ထုတ်လုပ်ငန်း၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ တတိယအကြိမ် ပူးတွဲကော်မတီ ညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနိုင်ဖို့ အစရှိတာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအခမ်းအနားမှာ မြန်မာ-ဘယ်လာရုစ် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ(၂၀၂၆-၂၀၂၈)နဲ့ မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီရဲ့ ဒုတိယအကြိမ်အစည်းအဝေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။

image