6 ရက် - ဘာသာပြန်ပါ။

Uefa Youth League တွင် အသက်အငယ်ဆုံးကစားသမားအဖြစ် အသက် ၁၃ နှစ်ဖြင့် စံချိန်သစ်ရေးထိုးလာတဲ့ အာဆင်နယ်လူငယ်
======================

အာဆင်နယ်ရဲ့အသက် ၁၃ နှစ်အရွယ်ရှိ အလယ်တန်းကစားသမားလူးဝစ်ဇ်မူနော့ဇ်ဟာ Uefa Youth League သမိုင်းတွင် အသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် မွေးဖွားတဲ့ အင်္ဂလန်ယူ-၁၅ လက်ရွေးစင်ဟာ Uefa Youth League (ယူ-၁၉) ပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အား ၄-၂ ဖြင့် အနိုင်ရတဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၈၅ မိနစ်မှာ လူစားဝင်ရောက်ကစားခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းပွဲတွင် အာဆင်နယ်လူငယ်ပါရမီရှင်မက်စ်ဒေါ်မန်းမှာ ၂ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။
မူနော့ဇ်ဟာ အသက် ၁၃ နှစ်၊ ၁၁ လ၊ ၁၅ ရက်နေဖြင့် Uefa Youth League သမိုင်းတွင် အသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ် စံချိန်သစ်တင်လာတာပါ။ သူဟာ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက ဂျီဘရယ်တာကလပ် Lincoln Red Imps အတွက် ၁၄ နှစ်၊ ၃ လ၊ ၁ ရက်ဖြင့် စံချိန်တင်ခဲ့တဲ့ လီယမ်ပါယက်စ်ရဲ့ စံချိန်ကို ရိုက်ချိုးလာတာလည်း ဖြစ်ပါတယ်။
လာမယ့်လတွင် အသက် ၁၄ နှစ်ပြည့်မယ့် မူနော့ဇ်ဟာ အလယ်တန်းကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း ဘိုင်ယန်မြူးနစ်နှင့်ပွဲမှာ မိနစ်အနည်းငယ်လူစားဝင်ရောက်ကစားခွင့်ရစဉ်အတွင်း တိုက်စစ်သမားအဖြစ် ကစားသွားခဲ့ပါတယ်။
သူဟာ ယခုလအစောပိုင်းတုန်းက ဗီလာကို ဗိုလ်လုပွဲတွင် အနိုင်ရကာ Premier League U16 National Final ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်ယူ-၁၆ အသင်းတွင်လည်း ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။
Uefa Youth League ပြိုင်ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတွေရဲ့ ယူ-၁၉ အသင်းများ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
ယခု ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် အာဆင်နယ်ပထမအသင်းမှ အလယ်တန်းကစားသမားအီသန်ရဲ့ ညီဖြစ်သူ အသက် ၁၅ နှစ်ရှိ အီမာဆင်နဝမ်နရီလည်း လူစားဝင်ရောက်ကစားခဲ့ပါတယ်။
အာဆင်နယ်လူငယ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကို အနိုင်ရခဲ့ပေမယ့်လည်း ၅ ပွဲတွင် ၄ ပွဲ ရှုံးနိမ့်ထားမှုနဲ့အတူ ရှုံးထွက်အဆင့်သို့ တက်နိုင်ခြေ အရမ်းနည်းပါးနေပါတယ်။

image