ဆလော့ကို ထုတ်ပယ်လျှင် လီဗာပူးတို့ နစ်နာကြေး ဘယ်လောက်ပေးလာရမလဲ?
==================

လီဗာပူးဟာ ရလဒ်ဆိုးရွားမှုကြောင့် ဒတ်ချ်လူမျိုးနည်းပြအန်းဆလော့ကို ထုတ်ပယ်လာမည်ဆိုပါက နစ်နာကြေးများစွာ ပေးလာရပါမယ်။
အသက် ၄၇ နှစ်ရှိ ဆလော့ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက ကလော့ပ်နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရပြီးနောက် ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
နွေရာသီမှာတော့ သူဟာ ဖလိုရီယန်ဝါ့ဇ်၊ အလက်ဇန္ဒားအီဆက်ခ်၊ ဟူဂိုအီကီတီကီ၊ မီလို့စ်ကာကတ်၊ ဂျီရီမီဖရင်းပေါင်တို့အား ပေါင်သန်း ၄၀၀ ကျော် အသုံးပြုပြီး ခေါ်ယူအားဖြည်ခဲ့ပါတယ်။
လီဗာပူးဟာ ရာသီအစ ၇ ပွဲဆက် တိုက်ပွဲ ရရှိလာခဲ့ပေမယ့်လည်း နောက်ပိုင်း ရက်သတ္တပတ်များမှာတော့ ရလဒ်ဆိုးရွားနေခဲ့ပါတယ်။
၎င်းတို့ဟာ ပရီးမီးယားလိဂ်တွင် မန်စီးတီးနှင့် နော်တင်ဟမ်ဖောရက်စ်တို့အား ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို မနေ့ညတုန်းက ပီအက်စ်ဗွီကိုလည်း ၄-၁ ဖြင့် ရှုံးနိမ့်ခဲပါတယ်။
ဆလော့ဟာ နောက်ဆုံး ၁၂ ပွဲတွင် ၉ ပွဲအထိ ရှုံးနိမ့်ထားမှုနှင့်အတူ နည်းပြရာထူးအတွက် ဖိအားများအောက်သို့ ကျရောက်လာခဲ့ပါတယ်။
ပီအက်စ်ဗွီကို ရှုံးနိမ့်တဲ့ပွဲအပြီးမှာတော့ လီဗာပူးပရိသတ်အချို့တို့က ဆလော့ကို ထုတ်ပယ်ရန် တောင်းဆိုလာသလို တချို့ကလည်း ဆလောအပေါ် အယုံအကြည်နည်းပါးလာနေပါတယ်။
တဖက်တွင် ဆလော့ဘက်က နုတ်ထွက်ခြင်း မပြုဘဲ ထုတ်ပယ်ရမယ်ဆိုပါက လီဗာပူးဘက်က နစ်နာကြေးအမြောက်အမြားပေးရန် လိုအပ်လာပါတယ်။
ဆလော့ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ၂၀၂၇ ခုနှစ်အထိ စာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရတာပါ။ သူဟာ လီဗာပူးတွင် တစ်နှစ်လုပ်ခ ပေါင် ၆.၆ သန်း ရရှိနေပါတယ်။
တကယ်လို့များ လီဗာပူးအနေဖြင့် လာမယ့်ပွဲများတွင်လည်း ရလဒ်ဆိုးရွားကာ ထုတ်ပယ်ရန် ဆုံးဖြတ်လာမည်ဆိုပါက ဆလော့အား နစ်နာကြေး ပေါင် ၁၀ သန်းကျော် ပေးလာရပါမယ်။
တဖက်တွင် ဆလော့ကတော့ သူ့အနာဂတ်နှင့်ပတ်သက်ပြီး စိတ်ချရသေး‌ကြောင်း ဆိုထားပါတယ်။
ဆလော့က "လုံခြုံတယ်လို့ ခံစားရတယ်။ ကျွန်တော် အိုကေပါတယ်။ အထက်က အားပေးထောက်ပံ့မှုတွေ အများကြီးရထားတယ်။ ဒီအခြေအနေကို အလှည့်အပြောင်းဖြစ်အောင် လုပ်ပြီး အောင်မြင်မှုလုပ်နိုင်ရင် ကောင်းပါတယ်။ ဒါပေမယ့် ခင်ဗျားသာ နည်းပြတစ်ယောက်အဖြစ် အလုပ်လုပ်နေတဲ့အခါ အခုလို ရလဒ်ဆိုးလာရင် အနာဂတ်မေးခွန်းထုတ်ခံရတာ သာမန်ပါ။ ကျွန်တော့်နေရာနဲ့ပတ်သက်ပြီး အိုကေပါတယ်။ ခက်ခဲတဲ့အခြေအနေ ကြုံရတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဒါပေမယ့် အလည့်ဖြစ်အောင် လုပ်ရမယ့်ကာလသို့ ရောက်ပါပြီ"လို့ ပြောကြားသွားပါတယ်။

image